ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအဖြစ် ကစားခဲ့ကြတာဖြစ်ပြီး အင်္ဂလန်အသင်းဟာ ပွဲချိန်အတွင်း ကစားသမားတစ်ဦး ထုတ်ပယ်ခံခဲ့ရသလို ပြင်သစ်အသင်းကို ပယ်နယ်တီ နှစ်ကြိမ် ခွင့်ပြုခဲ့ရပါတယ်။
မနေ့က ကစားခဲ့တဲ့ အင်္ဂလန်ယူ-၂၁ နဲ့ ပြင်သစ် ယူ-၂၁ အသင်းတို့ရဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ နောက်ခံလူ ဘစ်ဆကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအဖြစ် ကစားခဲ့ကြတာဖြစ်ပြီး အင်္ဂလန်အသင်းဟာ ပွဲချိန်အတွင်း ကစားသမားတစ်ဦး ထုတ်ပယ်ခံခဲ့ရသလို ပြင်သစ်အသင်းကို ပယ်နယ်တီ နှစ်ကြိမ် ခွင့်ပြုခဲ့ရပါတယ်။
(၂၅)မိနစ်မှာ ပြင်သစ်ပယ်နယ်တီရရှိခဲ့ပေမယ့် လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီလွဲချော်ခဲ့သလို (၆၆)မိနစ်မှာ ဟူဆန်အာယာက နောက်ထပ်ပယ်နယ်တီတစ်ကြိမ်ကို ထပ်မံလွဲချော်ခဲ့ပါတယ်။ အင်္ဂလန်အတွက်တော့ တော်တော်လေးကို ကံဆိုးခဲ့တဲ့ ပွဲဖြစ်ပြီး (၅၄)မိနစ်မှာ ဖီးလ်ဖိုဒန်က အဖွင့်ဂိုးသွင်းပေးခဲ့ပေမယ့် (၈၉)မိနစ်မှာ ပြင်သစ်က အိုင်ကွန်နီက ချေပဂိုးသွင်းခဲ့ပြီး မိနစ် (၉၀)မှာ ဘစ်ဆကာက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့လို့ အင်္ဂလန်အရေးနိမ့်ခဲ့ပါတယ်။
ဘစ်ဆကာကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းခံခဲ့ရသူဖြစ်ပြီး သူ့အတွက် များပြားတဲ့ပြောင်းရွှေ့ကြေးကို အသုံးပြုဖို့ ယူနိုက်တက်ဘက်က စီစဉ်နေတာလည်း ဖြစ်ပါတယ်။ အနည်းဆုံးပေါင်သန်း (၅၀)ခန့် သုံးစွဲရမယ့် အခြေအနေမှာ ရှိနေတာဖြစ်ပြီး ဘစ်ဆကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုက ယူနိုက်တက်အတွက်လည်း စိတ်ပျက်စရာတော့ ဖြစ်ခဲ့ရပါတယ်။ ထောင့်ကန်ဘောကို ဖျက်ထုတ်ခဲ့ရာကတဆင့် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာလည်း ဖြစ်ပါတယ်။
ဘစ်ဆကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုအပေါ်မှာ ယူနိုက်တက်ပရိသတ်တွေကိုယ်တိုင်လည်း ဟာသနှောပြောဆိုနေကြပြီး လက်ရှိအသင်းက စမောလင်း၊ ဖီးလ်ဂျုံးစ်တို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ နှိုင်းယှဉ်ပြီးတော့လည်း ပြောဆိုခဲ့ကြပါတယ်။ ယူနိုက်တက်ဘက်က စိတ်ဝင်စားနေချိန်ကြမှ ဘစ်ဆကာ ကိုယ့်ဂိုးကိုယ်သွင်းယူပြနေလို့လည်း ပရိသတ်တွေ ပွဲကျနေခဲ့ကြပါတယ်။
"ဒီသွင်းဂိုးအတွက် ဘစ်ဆကာရဲ့ တန်ဖိုးက ပေါင် (၁၀)သန်းလောက် လျော့သွားပြီ" လို့ ပရိသတ်တစ်ဦးက ဟာသလုပ်ပြောခဲ့ပါတယ်။ အခြားတစ်ဦးကလည်း "ပဲလေ့ဘက်က ပေါင်သန်း (၅၀) ဈေးခေါ်ရင် ယူနိုက်တက်ဘက်က ဒီပွဲကို ပြန်ပြလို့ရပြီ" အရွှန်းဖောက်ခဲ့ပါတယ်။ "ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ ဘစ်ဆကာက အိမ်ပြန်ရောက်ရင် ယူနိုက်တက်နဲ့ လက်မှတ်ထိုးတော့မှာ" လို့လည်း နောက်ထပ်တစ်ဦးက လှောင်ပြောင်ပြောဆိုသွားခဲ့ပါတယ်။