OnePlus 10 Pro အပါအဝင် တရုတ်ဖုန်းသစ် ၅ မျိုးမှာ ကမ္ဘာ့အမြန်ဆုံးအားသွင်းနည်းပညာ သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။
၂၀၂၂ ဟာ စမတ်ဖုန်းအားသွင်းနည်းပညာ တစ်ဆင့်မြင့်တက်လာတာကို မြင်ရတဲ့နှစ် ဖြစ်ဖို့ ရှိပါတယ်။ စမတ်ဖုန်းသတင်း ခန့်မှန်းသူတစ်ဦးဖြစ်တဲ့ Mukul Sharma ရဲ့ အဆိုအရ OPPO နဲ့ သူ့လက်အောက် Flagship ဖုန်းသစ်တွေမှာ 125W fast charging ပါလာမယ်လို့ ဆိုပါတယ်။ Mukul Sharma ကတော့ Realme GT2 Pro ၊ OPPO Find X စီးရီး ၊ OnePlus 10 Pro ၊ OPPO N Series နဲ့ OPPO Reno 8 Pro ဖုန်းတွေမှာ 125W charging မြင်ရမယ်လို့ ခန့်မှန်းထားပါတယ်။
OnePlus 10 Pro သစ်ဟာ ကွဲပြားတဲ့ စမတ်ဖုန်းကင်မရာအိမ်ဒီဇိုင်းနဲ့လာပြီး ၆.၅ လက်မ LTPO Fluid AMOLED Display သုံးလာနိုင်ပါတယ်။ အကြီးစား 5000mAh ဘက်ထရီဟာ 125W fast charging ပံ့ပိုးပေးလာဖို့ ရှိပါတယ်။ လက်ရှိ OnePlus 9 Pro သစ်မှာ 65W fast charging သုံးထားတာ ဖြစ်လို့ 125W fast charging ဟာ Upgrade လုပ်လာတဲ့ Feature တစ်ခုအဖြစ် ချီးကျူးစရာဖြစ်လာမှာပါ။
လက်ရှိစမတ်ဖုန်းလောကမှာ အမြန်ဆုံး charging နည်းပညာဟာ 120W charging ဖြစ်ပြီး Xiaomi High-End ဖုန်းတွေမှာ သုံးထားတာပါ။ Charging နည်းပညာနဲ့ နာမည်ကျော်တဲ့ OPPO ရဲ့ 125W fast charging ဟာ Xiaomi အားသွင်းနည်းပညာကို ကျော်ဖြတ်နိုင်ဖို့ ရှိပါတယ်။ OPPO ၊ Vivo ၊ OnePlus နဲ့ Realme တို့ဟာ BBK Electronics ကော်ပိုရေးရှင်းအောက်က စမတ်ဖုန်း Brands တွေဖြစ်လို့ OPPO ရဲ့ အားသွင်းနည်းပညာဟာ OnePlus ၊ Realme တို့ဆီ ရောက်မယ့်အချက်ကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။