နာမည်ကြီး တရုတ်ဖုန်းအမှတ်တံဆိပ်နှစ်ခုဖြစ်တဲ့ OnePlus နဲ့ OPPO ဖုန်းတွေကို ဂျာမနီနိုင်ငံမှာ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
ဖင်လန်တယ်လီကွန်း Supplier တစ်ခုဖြစ်တဲ့ Nokia နဲ့ မူပိုင်ခွင့်အမှုဖြစ်ပြီးနောက်မှာတော့ ဂျာမနီနိုင်ငံအတွင်း OPPO နဲ့ OnePlus ဖုန်းရောင်းချခွင့် ပိတ်လိုက်တာပါ။ ဖုန်းအမှတ်တံဆိပ် ၂ ခုလုံးကလည်း ဒီနေ့က စပြီး ဂျာမနီမှာ ဖုန်းရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း 9to5Google သတင်းက ဖော်ပြပါတယ်။ ဈေးကွက်အတွင်းမှာ ရှိတဲ့ OPPO နဲ့ OnePlus တို့ရဲ့ ဂျာမနီဝက်ဘ်ဆိုက်တွေမှာလည်း ဖုန်းသစ် ဝယ်မရတော့ဘဲ အရောင်းအားလုံးကို ရုပ်သိမ်းထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ပထမလဝက်ကစပြီး တရုတ်ဖုန်းထုတ်လုပ်သူ OPPO နဲ့ Nokia တို့အကြား ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စ ပြီးဆုံးခဲ့ပါတယ်။ 5G နည်းပညာ အစိတ်အပိုင်းတွေနဲ့ တခြား ဆက်သွယ်ရေးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ Nokia နဲ့ OPPO ၊ OnePlus တို့အမှုမှာ စမတ်ဖုန်းကုမ္ပဏီနှစ်ခုဟာ သူတို့ရဲ့ ဖုန်းမှာ သုံးနေတဲ့ 5G နည်းပညာအတွက် Nokia ကို သင့်တော်တဲ့ နည်းပညာမူပိုင်ကြေး မပေးဘဲ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
မူပိုင်ကြေး မပေးဘဲ နည်းပညာသုံးစွဲနေတဲ့အတွက် Nokia ဟာ တရားရုံးမှာ အမှုမှန် မပေါ်ပေါက်မချင်း ဈေးကွက်အတွင်း ဖုန်းရောင်းချခွင့် ဟန့်တားပေးဖို့ တရားရုံးမှာ လျှောက်လှဲခဲ့ပါတယ်။ ဂျာမန်တရားရုံးဟာ Nokia ရဲ့ လျှောက်ထားချက်အတိုင်း စိစစ်ခဲ့ပြီး ဖုန်းရောင်းချမှု ပိတ်ဖို့ အမိန့်ချခဲ့ပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ထွက်လာပြီးနောက်မှာ OPPO ဟာ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး ရောင်းနေတဲ့ ဖုန်းတွေ ဈေးကွက်ထဲကနေ အပိတ်မခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျာမနီတရားရုံးက ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်ခဲ့ပါတယ်။
Nokia ဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO ကို အိန္ဒိယ ၊ ပြင်သစ် ၊ ဂျာမနီနဲ့ ယူကေ စတဲ့ အာရှနဲ့ ဥရောပ ၄ နိုင်ငံမှာ နည်းပညာမူပိုင်ခွင့်မှုချိုးဖောက်မှုတွေနဲ့ Nokia က တရားစွဲလိုက်တယ်လို့ ဆိုပါတယ်။ တင်ထားတဲ့ စွဲချက်တွေထဲမှာ User Interface နဲ့ Security Features တွေလိုမျိုး စံမရှိမဖြစ်မူပိုင်နည်းပညာ SEPs နဲ့ Non-SEPs တွေလည်း ပါတယ်လို့ ဖော်ပြထားပါတယ်။ သတင်းအရ ဂျာမနီတစ်နိုင်ငံတည်းမှာ OPPO ကို တရားစွဲမှုပေါင်း ၂၃ ခု လုပ်ထားတယ်လို့ Nokiamob သတင်းက ဆိုပါတယ်။
Nokia ရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ OPPO ဟာ စာချုပ်ကို အသစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းခဲ့ပေမယ့် ဒီမူပိုင်ခွင့်တွေကို ဆက်လက်သုံးစွဲနေတာကြောင့် ဥပဒေအရ ရင်ဆိုင်ဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။ FOSS Patents ရဲ့ အစီရင်ခံစာအရ Nokia ဟာ Lenovo နဲ့ Daimler တို့နဲ့အမှုမှာ အနိုင်ရအောင် လုပ်ပေးခဲ့တဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ကိုပဲ OPPO နဲ့အမှုမှာ ပြန်သုံးသွားမယ်လို့ ဆိုပါတယ်။
Nokia အနေနဲ့ OnePlus နဲ့ OPPO ဈေးကွက်ဝင်ရောက်ရာ ဥရောပနိုင်ငံတွေမှာလည်း အမှုရင်ဆိုင်သွားမယ်လို့ ယူဆရပါတယ်။ ဥရောပဈေးကွက်တွေမှာသာ အခုလို OPPO နဲ့ OnePlus ဖုန်းရောင်းချမှု ပိတ်ခံရမယ်ဆိုရင် ဈေးကွက်အထိနာဖို့ ရှိနေပါတယ်။ ဂျာမနီအမှုမှာတော့ နိုင်ငံအတွင်း တရားဝင်ဖုန်းရောင်းချခွင့်ရဖို့ OnePlus နဲ့ OPPO တို့ဟာ Nokia ကို မူပိုင်ခွင့်အသုံးပြုကြေး ဖုန်းတစ်လုံးကို ၂.၅၀ ယူရိုနှုန်း ပေးရဖို့လည်း ရှိပါတယ်။