မြန်မာ့ပထမဆုံး 5G တိုက်ရိုက်သရုပ်ပြမှုပါ

5G ကွန်ရက်အတွက် အဆင်သင့်ဖြစ်နေပြီလို့ကြေညာထားတဲ့ Ooredoo ဟာ ZTE နဲ့ပူးပေါင်းပြီး 5G နည်းပညာ လက်တွေ့သုံးစွဲသရုပ်ပြသမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

Ooredoo ရဲ့ 5G ကွန်ရက်ပေါ်မှာ ZTE နည်းပညာထုတ်ကုန်တွေ အသုံးပြုပြီး 5G Speed Test လုပ်ခြင်း ၊ VR ပုံရိပ်ယောင်အတွေ့အကြုံများ မိတ်ဆက်ပြသခြင်းအပြင် 5G ကွန်ရက်ချိတ်ဆက်ထားတဲ့ Drone လွှင့်တင်ပြီး Live ကြည့်ရှုခြင်းများပါ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo: Duwun Tech

စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့မြန်မာပလာဇာမှာ ပြုလုပ်ခဲ့တဲ့ ဒီသရုပ်ပြပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပသွားတဲ့ 5G Live Demo သရုပ်ပြမှုတစ်ခုလည်း ဖြစ်ပြီး ဒီပွဲမှာတော့ Ooredoo ရဲ့ 5G ကွန်ရက်ပေါ် တိုက်ရိုက် Speed Test အမြန်နှုန်း စမ်းသပ်မှုမှာ 1.75Gbps အထိ ရှိခဲ့ပါတယ်။ Ooredoo အနေနဲ့လှိုင်းနှုန်းစဉ် 3.5GHz နဲ့2.6GHz တို့ကို သုံးပြီး 5G ကွန်ရက် အခြေခံအဆောက်အဦများ ဖြန့်ကြက်သွားမှာ ဖြစ်ပြီး ကွန်ရက်ဖြန့်ကြက်မှုအပိုင်းမှာ ZTE ရဲ့ နည်းပညာနဲ့ကွန်ရက်ချိတ်ဆက်မှုများ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။


Ooredoo Myanmar နဲ့ZTE တို့ဟာ ယခုနှစ် မေလလယ်ကပဲ ပြည်တွင်းမှာ 5G ကွန်ရက်ဖြန့်ကြက်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့နားလည်မှုစာချွန်လွှာတစ်ခု ရေးထိုးခဲ့ပါတယ်။ 5G ဟာ အလွန်မြန်ဆန်တဲ့ အင်တာနက်ဆက်သွယ်မှု လုပ်ဆောင်နိုင်ပြီး သတင်းပေးပို့ရယူချိန် ကြန့်ကြာမှု Latency နည်းပါးပြီး ဖျော်ဖြေရေး ၊ ပညာရေး ၊ စီးပွားရေး ၊ ခရီးသွားဝန်ဆောင်မှု ၊ လုံခြုံရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှု စသည်ဖြင့် ကဏ္ဍပေါင်းစုံကို တစ်ဆင့်မြှင့်ပေးနိုင်မယ့် ဆက်သွယ်ရေး ကွန်ရက်နည်းပညာလည်း ဖြစ်ပါတယ်။

Photo: Duwun Tech

5G ကွန်ရက်ကို တရုတ် ၊ အမေရိကန် ၊ တောင်ကိုရီးယား ၊ ယူကေ ၊ ဂျပန် အစရှိတဲ့ နိုင်ငံတစ်ချို့မှာပဲ လက်တွေ့အသုံးပြုနိုင်သေးတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ 5G ကွန်ရက် သုံးစွဲနိုင်ဖို့အတွက် အချိန်ယူရဦးမှာပါ။ Ooredoo အနေနဲ့5G စတင်ဖို့အဆင်သင့်ဖြစ်ပေမယ့် 5G စံနှုန်းနဲ့လှိုင်းနှုန်းစဉ်သတ်မှတ်ခြင်းများမှာ အစိုးရအာဏာပိုင်များနဲ့လက်တွဲလုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က