Anime နဲ့ ဗီဒီယိုဂိမ်းဆိုတာ လူငယ်တွေကြားမှာတော့ အမြဲတမ်းလိုလိုတွဲမြင်တတ်ကြတဲ့ အရာနှစ်ခုပါ။
Anime ဆိုတာကတော့ ဂျပန်နိုင်ငံထုတ် အခန်းဆက် Animation ဇာတ်လမ်းတွေကိုခေါ်ဆိုတဲ့ နာမည်ပဲ ဖြစ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် Anime က ဘာလဲဆိုတာ မျက်စိထဲမြင်လာအောင် ဥပမာပေးပြီး ပြောရမယ်ဆိုရင်တော့ မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ Naruto, Dragon Ball တို့ကတော့ အကောင်းဆုံးဥပမာတွေပါပဲ။
ဒီနှစ်ခုကို လူတွေတွဲမြင်ကြရတဲ့အကြောင်းအရင်းကတော့ နာမည်ကြီး ဗီဒီယိုဂိမ်းတွေကို Anime အဖြစ် ပြန်လည်အသက်သွင်းလေ့ရှိတာကြောင့်နဲ့ နာမည်ကြီး Anime တွေကိုလည်း ဗီဒီယိုဂိမ်းတွေအဖြစ် ပြန်လည်ဖန်တီးတတ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။ ယခုတစ်ခါမှာ နာမည်ကျော်လူကြိုက်များတဲ့ Anime Series တစ်ခုဖြစ်တဲ့ One Punch Man ဟာလည်း ဗီဒီယိုဂိမ်းအဖြစ် ပရိသတ်တွေရှေ့မှောက်ကို ရောက်ရှိလာတော့မှာပါ။
One Punch Man: A Hero Nobody Knows လို့အမည်ပေးထားတဲ့ ဒီဂိမ်းကို ၂၀၁၉ ခုနှစ် ဇွန်လတည်းက ထွက်ရှိမယ်ဆိုတဲ့အကြောင်းကို ဂိမ်း Teaser နဲ့အတူ ကြေညာထားတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂိမ်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တဖြည်းဖြည်းချင်း ထုတ်ပြခဲ့ပြီး အခုအချိန်မှာတော့ ဂိမ်းဟာ တော်တော်လေး ရုပ်လုံးပေါ်လာခဲ့ပါပြီ။ ဒီ One Punch Man: A Hero Nobody Knows ဟာ ဂျပန်ပြည်တွင်း Game Developer ဖြစ်တဲ့ Spike Chunsoft ရဲ့လက်ရာဖြစ်ပြီး Bandai Namco က တစ်ကမ္ဘာလုံးကို တာဝန်ယူပြီး ဖြန့်ချိသွားမှာပဲ ဖြစ်ပါတယ်။
ဒီဂိမ်းဟာ Street Fighter, Tekken တို့လို Fighting Game အမျိုးအစားဖြစ်ပြီး ထူးခြားချက်အနေနဲ့ ကြိုက်ရာဇာတ်ကောင် ၃ ကောင်ကို ရွေးချယ်နိုင်မှာဖြစ်ကာ ကစားရင်းနဲ့လည်း ကိုယ်ရွေးထားတဲ့ဇာတ်ကောင် ၃ ကောင်ကို လိုသလိုကုလားဖန်ထိုးပြီး ကစားနိုင်မှာပါ။ ဒီအချက်ဟာ ထူးခြားချက်ဆိုပေမယ့် ဒီဂိမ်းကို Hype ရလောက်အောင် ထိုက်တန်တဲ့အချက်တော့မဟုတ်ပါဘူး။ ဒီဂိမ်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အမိုက်ဆုံး အချက်ကတော့ အဓိကဇာတ်ကောင်ဖြစ်သူ Saitama ကိုယ်တိုင်ပါပဲ။
Anime ရဲ့ခေါင်းစဉ်ကို One Punch Man လို့နာမည်ပေးထားတာဟာ အဓိကဇာတ်ကောင်ဖြစ်သူ Saitama ဟာ ဘယ်သူကိုမဆို တစ်ချက်တည်းနဲ့ပွဲသိမ်းနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ Saitama ဟာ Anime ထဲမှာတင် တစ်ချက်တည်းနဲ့ လက်စသတ်နိုင်တာမဟုတ်ဘဲ ဂိမ်းထဲမှာပါ ရန်သူကိုတစ်ချက်တည်းနဲ့ အမှောက်ချနိုင်မှာပါ။
ဒါ့အပြင် တခြားဇာတ်ကောင်တွေအနေနဲ့ Saitama ကို ဘယ်လိုချချ Damage ထိမှာမဟုတ်ပါဘူး။ သူ့ Ability ကြီးဟာ Overpower တော်တော်ကြီးဖြစ်ပေမယ့် ကန့်သတ်ချက်တွေတော့ ရှိနေပါသေးတယ်။ အဲဒီအချက်တွေကတော့ Saitama ကို တတိယမြောက်နေရာမှာသာ ထားနိုင်မှာဖြစ်ပြီး အသုံးပြုနိုင်ဖို့ စက္ကန့် ၁၅၀ စောင့်ရမယ့်အချက်တွေပဲဖြစ်ပါတယ်။
Saitama တစ်ယောက် မူရင်းဇာတ်လမ်းထဲမှာ အမြဲတမ်းလိုလို နောက်ကျမှရောက်လာတတ်တဲ့ Concept အပေါ်မှာ အခြေခံထားတဲ့ဒီအချက်ကို Power Balance တစ်ခုအနေနဲ့ထည့်လိုက်တာဟာ တော်တော်လေး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါ။ သတ်မှတ်ထားတဲ့ အချိန်မပြည့်မချင်း ရှေ့မှာရွေးချယ်ထားတဲ့ ၂ ကောင်ကိုသာ အသုံးပြုနိုင်မှာဖြစ်ပြီး ကိုယ်ကရန်သူကို Combo တွေသုံးနိုင်ရင် သုံးနိုင်သလို Saitama ကို စောင့်ရမယ့်ကြာချိန်တွေကို လျှော့ပေးသွားမှာပဲ ဖြစ်ပါတယ်။ Saitama ရောက်လာရင်တော့ ဘယ်ဇာတ်ကောင်ကိုမဆို တစ်ချက်တည်းနဲ့ပွဲသိမ်းနိုင်မှာပါ။ သို့ပေမယ့် Saitama အချင်းချင်းချမယ်ဆိုရင်တော့ Damage တွေက ပုံမှန်အတိုင်းထိမှာပဲဖြစ်ပါတယ်။
ဂိမ်းထဲပါဖို့သေချာပြီးသား ဇာတ်ကောင်တွေကတော့ Saitama, Boros, Genos, Speed-O-Sound Sonic, Silvefang, Tornado of Terror, Atomic Samurai, Fubuki, Mumen Rider, Vaccine Man, Mosquito Girl, Carnage Kabuto, Deep Sea King တို့ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒီလောက်သာပါဝင်မယ်လို့ ကြေညာထားပေမယ့် နောက်ထပ်ဇာတ်ကောင်တွေ အများကြီးလာဖို့ ရှိပါဦးမယ်။
စောင့်မျှော်နေသူအတွက် စိတ်ပျက်ဖွယ်ရာသတင်းကတော့ ဘယ်အချိန်မှာ ထုတ်ပေးသွားမယ်ဆိုတာကို အတိအလင်းမကြေညာသေးတာပါပဲ။ ဂိမ်းထွက်မယ့်ရက်ကို အတိအကျမသိရသေးဘူးဆိုပေမယ့် ဒီနှစ်ကုန်အထိ စောင့်ရမှာမဟုတ်ဘူးလို့တော့ ထင်မြင်မိပါတယ်။ ဘာပဲပြောပြော One Punch Man: A Hero Nobody Knows ကတော့ စောင့်ရကျိုးနပ်မယ့်ဂိမ်းတစ်ဂိမ်းဖြစ်ဖို့က သေချာသလောက်ရှိနေပါတယ်။
Written by Myo Thant Kyaw