တရုတ်စမတ်ဖုန်းကုမ္ပဏီတွေကို အခွန်ရှောင်ရှားမှုနဲ့ အိန္ဒိယငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။
ပြီးခဲ့တဲ့ အပတ်ထဲမှာ Vivo ကို အိန္ဒိယအာဏာပိုင်တွေက ငွေကြေးခဝါချမှုနဲ့ ရုံးနေရာတွေ ဝင်ရောက်စီးနင်းခဲ့ပြီး ရာနဲ့ချီတဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းမှုလုပ်ခဲ့ပါတယ်။ ငွေကြေးခဝါချမှုစုံစမ်းစစ်ဆေးရေးမှာ Vivo India ပိုင် ဒေါ်လာ ၅၈ သန်းဖိုး သိမ်းဆည်းခဲ့ပြီးနောက် အခုတစ်ခါ OPPO ကုမ္ပဏီကို သွင်းကုန်အခွန်ရှောင်ရှားမှုနဲ့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ ဆိုပါတယ်။
OPPO ကိုတော့ ရူပီး ၄၃.၈၉ ဘီလျံ (ကန်ဒေါ်လာ ၅၅၁ သန်း) ဖိုး အကောက်ခွန်ရှောင်ရှားမှု လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြတာပါ။ OPPO ကုမ္ပဏီဟာ အကောက်ခွန်ကို ပုံစံနှစ်မျိုးနဲ့ ရှောင်ရှားမှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုံစံနှစ်မျိုးမှာ တစ်မျိုးက ဖုန်းတည်ဆောက်ရေးမှာ သုံးတဲ့ ကိရိယာနဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို တမင်ရည်ရွယ်ပြီး မှားယွင်းတံဆိပ်ကပ်ဖော်ပြတာ ဖြစ်ပြီး နောက်တစ်မျိုးကတော့ နိုင်ငံခြားက တင်သွင်းတဲ့ ကုန်စည်နဲ့ ကုန်ကျစရိတ်တန်ဖိုးထဲမှာ လိုင်စင်ကြေးတွေ ပါဝင်ခြင်း မရှိဘူးလို့လည်း GSMArena က ဖော်ပြပါတယ်။
ဒီအမှုကိုလည်း တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Xiaomi နဲ့ Vivo တို့ကို စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တဲ့ နိုင်ငံခြားငွေလဲလှယ်မှု နဲ့ ငွေကြေးခဝါချမှုဆိုင်ရာ Enforcement Directorate (ED) ဌာနကပဲ ကိုင်တွယ်နေတာပါ။ ED အေဂျင်စီဟာ နိုင်ငံအတွင်းက OPPO ရုံးတွေကို ရှာဖွေခြင်း ၊ ဒေသတွင်းရုံးခွဲ ခေါင်းဆောင်တွေကို မေးမြန်းစုံစမ်းခြင်းတွေ လုပ်ဆောင်ပြီးနောက်မှာ သက်သေအထောက်အထားတွေ တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
OPPO ထိပ်ပိုင်း စီမံခန့်ခွဲရေးပိုင်းကလည်း ဒီကိစ္စကို သိရှိထားပြီး ရူပီး ၄.၅ ဘီလျံ ကြိုတင် ပေးချေမှုလုပ်ထားတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ အိန္ဒိယအာဏာပိုင်တွေဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ကိုလည်း မူပိုင်ခွင့်အတွက် ပေးချေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံအတွင်းက ငွေတွေကို တရုတ်နိုင်ငံဆီ တရားမဝင် လွှဲပြောင်းခဲ့တယ်ဆိုပြီး ကုမ္ပဏီပိုင် ငွေ ဒေါ်လာ ၇၂၅ သန်းခန့်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဒေသတွင်း Vivo ကုမ္ပဏီကိုလည်း ဒေါ်လာဘီလျံနဲ့ချီ ငွေကြေးခဝါချမှုနဲ့ ရွှေချောင်း ၊ ဘဏ်အကောင့်နဲ့ ငွေသားအပါအဝင် ဒေါ်လာသန်း ၆၀ နီးပါးတန် ကုမ္ပဏီပိုင်ဆိုင်မှုတွေကို အာဏာပိုင်တွေက သိမ်းယူခဲ့ပါတယ်။ အိန္ဒိယအာဏာပိုင်တွေဟာ တရုတ်နည်းပညာလုပ်ငန်းစုတစ်ခုဖြစ်တဲ့ ZTE Corp ရဲ့ ဒေသတွင်းဌာနတွေကိုလည်း စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ Bloomberg News သတင်းက ဖော်ပြထားပါတယ်။