Charger သီးသန့် ရောင်းချသွားမှာပါ

ဖုန်းဝယ်ရင် Charger မရတာက အစဉ်အလာတစ်ခု ဖြစ်လာပါပြီ။


နာမည်ကျော် တရုတ်ဖုန်းကုမ္ပဏီ OPPO ကလည်း လာမယ့်နှစ်ကစပြီး Charging Brick မပါတဲ့ စမတ်ဖုန်းတွေ ရောင်းချတော့မယ်လို့ ဆိုပါတယ်။ OPPO Reno 8 စီးရီး ဥရောပဈေးကွက်မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ ပြည်ပအရောင်းနဲ့ ဝန်ဆောင်မှုဆိုင်ရာ ဒုဥက္ကဌ ဘီလီဇောင်က နောက်နှစ်ကစပြီး OPPO ဟာ ထုတ်ကုန်အများအပြားရဲ့ လက်လီဗူးတွေထဲမှာ Charger ထည့်သွင်းမှုဖယ်ရှားတော့မယ်လို့ ပြောသွားပါတယ်။ 





"နောက်နှစ်ထဲမှာ ထုတ်ကုန်အများအပြားရဲ့ ဗူးထဲမှာ Charger ဖယ်ထုတ်တော့မှာပါ။ ကျွန်တော်တို့မှာ အစီအစဉ်တစ်ခုရှိပါတယ်။ ဒါက ဖောက်သည်တွေအတွက်တော့ SuperVOOC Charger တွေ သုံးဖို့ လွယ်ကူတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗူးထဲမှာ ဆက်ထည့်သွားပါမယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်မှုတွေ တိုးချဲ့နေတာကြောင့် Charger ဖယ်ရှားဖို့ လုပ်နေပါတယ်။ အသုံးပြုသူတွေ ဝယ်နိုင်အောင် စတိုးဆိုင်တွေပေါ် တင်သွားမှာ ဖြစ်လို့ ဖောက်သည်တွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေ အဆင့်မြှင့်တင်တဲ့အခါမှာတောင် ဒီ Charger တွေ ဆက်ပြီး အသုံးပြုနိုင်မှာပါ" လို့ ဇောင်က ဆိုပါတယ်။ 

OPPO ဒုဥက္ကဌအနေနဲ့ ဘယ်ထုတ်ကုန်တွေမှာ Charger ဖယ်ရှားသွားမလဲဆိုတာကိုတော့ ပြောကြားခြင်း မရှိပါဘူး။ ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအားသွင်းနည်းပညာတွေ တီထွင်ထားတဲ့ OPPO အနေနဲ့ စမတ်ဖုန်းတွေကို SuperVOOC Charger နဲ့ တွဲရောင်းထားတာပါ။ OPPO ရဲ့ SuperVOOC Charger အားသွင်းနည်းပညာသုံးဖုန်းတွေဟာ တခြားထုတ်ကုန်တွေထက် အားသွင်းရသိသိသာသာ မြန်ဆန်တယ်လို့ နာမည်ကြီးပါတယ်။ OPPO ဖုန်းတွေဟာ Universal Fast Charging နည်းလမ်းတစ်ခုဖြစ်တဲ့ USB-C Power Delivery စနစ်လည်း ထောက်ပံ့ထားပါတယ်။

OPPO ထုတ် 80W SuperVOOC Charger တွေဟာ တစ်ခုကို ပေါင် ၄၀ (မြန်မာငွေ ၁ ‌သိန်းခွဲနီးပါး) ဈေး ရှိပါတယ်။ OPPO ရဲ့ စီးပွားရေးနည်းဗျူဟာအတိုင်း သွားနေတဲ့ OnePlus ဖုန်းတွေလည်း နောက်ပိုင်းမှာ Charger ထည့်သွင်းမှု ရပ်ဆိုင်းလာနိုင်ပါတယ်။ လက်ရှိမှာတော့ OPPO နဲ့ ပြိုင်ဘက် စမတ်ဖုန်းကုမ္ပဏီအများအပြားလည်း ဖုန်းဗူးထဲကနေ Charger ဖယ်ရှားမှု လုပ်ဆောင်နေပါတယ်။ ဖုန်းဗူးထဲမှာ Charger တွေ ထည့်မပေးတော့ပေမယ့် ဒီ OEM တွေဟာ Charger တွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် USB Power Delivery စနစ် အသုံးပြုနေကြပါတယ်။




ကမ္ဘာပေါ်မှာ ဖုန်းဗူးထဲ Charger စပြီး ဖြုတ်ခဲ့တဲ့ ဖုန်းကုမ္ပဏီကတော့ နာမည်ကျော် iPhone ကုမ္ပဏီ Apple ဖြစ်ပြီး ကာဗွန်ထုတ်လုပ်မှု လျှော့ချမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၀ ခုနှစ်ထွက် iPhone 12 ကစလို့ ဖုန်းဗူးထဲမှာ Charger ထည့်သွင်းမှု ရပ်ဆိုင်းခဲ့တာပါ။ အဲ့ဒီအချိန်က ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ iPhone ဖုန်းတွေထဲ Charger ထည့်မပေးတာဟာ နှစ်စဉ် ကားအစီး ၄ သိန်းခွဲနီးပါး လမ်းပေါ်ရောက်မှုကို ဖယ်ရှားလိုက်တာလို့ ပြောခဲ့ပါတယ်။ တစ်ဖက်မှာလည်း Apple ဟာ Charger နဲ့ နားကြပ်တွေ မထည့်ပေးဘဲ iPhone ရောင်းတာကနေ တစ်နှစ်ကို ဒေါ်လာ ၆.၅ ဘီလျံကျော် အသားတင်အမြတ်ကျန်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဖော်ပြနေပါတယ်။

မကြာသေးမီကလည်း Xiaomi ကုမ္ပဏီဟာ တန်ဖိုးသင့် Redmi စီးရီးဖုန်းတွေမှာပါ Charger ထည့်သွင်းမှု ဆက်မလုပ်တော့ဘူးလို့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြသွားပါတယ်။ Xiaomi အပြင် တောင်ကိုရီးယားကုမ္ပဏီ Samsung ကလည်း တန်ဖိုးမြင့်နဲ့ တန်ဖိုးသင့်စမတ်ဖုန်းတွေရဲ့ ဖုန်းဗူးတွေမှာ Charger ထည့်သွင်းမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က