Reno ဖုန်းသစ် မိတ်ဆက်မှုနဲ့အတူ OPPO ဟာ mid-range lineup ဖြစ်တဲ့ R series တွေကို အနားပေးလိုက်ပြီ ဖြစ်ပါတယ်။
Photo: SlashGear
OPPO ရဲ့ ဒုဥက္ကဌ ဘရိုင်ယန် ရှန်ဟာ ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက OPPO R19 ထွက်လာဖွယ် မရှိဘူးလို့ပြောထားခဲ့ပြီး အခုတော့ R series အမှတ်တံဆိပ်ကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တာပါ။ ဗုဒ္ဓဟူးနေ့OPPO Reno ဖုန်းသစ်နှစ်မျိုး မိတ်ဆက်ပြီးနောက် OPPO ဟာ Reno နဲ့Find X ထုတ်ကုန်တွေပေါ် အာရုံစိုက်သွားမယ်လို့ထုတ်ပြန်လိုက်ပါတယ်။
ဈေးကွက်ထဲ ဝင်ရောက်လာတာ ၁၀ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ OPPO R series တွေဟာ စုစုပေါင်း အလုံးရေ သန်း ၁၀၀ အထိ ရောင်းချနိုင်ခဲ့တာပါ။ OPPO R ဖုန်းတွေကို update ပေးမှုလည်း ရပ်ဆိုင်းသွားမှာ ဖြစ်ပြီး OPPO အနေနဲ့စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းအလှအပနဲ့ပိုမိုကောင်းမွန်တဲ့ အရည်အသွေးတွေနောက်ပဲ လိုက်တော့မယ်လို့ဆိုပါတယ်။ OPPO R series တွေထဲမှာ OPPO R9 ဟာ ၂၀၁၇ ပထမ သုံးလပတ်အတွင်း အလုံးရေ ၈.၉ သန်း ကျော် ရောင်းချနိုင်ခဲ့ပြီး ထိုအချိန်က ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
OPPO R series တွေထဲမှာ နောက်ဆုံးထွက်ထားတာကတော့ OPPO R17 Pro နဲ့OPPO R15x တို့ဖြစ်ပြီး မှန်ပြင်အောက် လက်ဗွေစနစ် ၊ အဆင့်အတန်းမြင့်မားတဲ့ ကင်မရာနဲ့အလတ်စား mid-range processor တွေကြောင့် လူကြိုက်များခဲ့ပါတယ်။ OPPO R series နေရာမှာ ဝင်ရောက်လာတဲ့ OPPO Reno ကတော့ mid-range processor သုံး Standard Edition နဲ့high-end processor ဖြစ်တဲ့ Snapdragon 855 SoC သုံး 10x Zoom Edition ဆိုပြီး နှစ်မျိုး ထွက်လာတာပါ။
ဒီတစ်ပတ်ထဲမှာပဲ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung ဟာ Galaxy J series တွေကို ဖျက်သိမ်းခဲ့ပြီး Galaxy A series သစ်မှာ ပူးပေါင်းလိုက်ပါတယ်။ Galaxy J series ဖျက်သိမ်းပြီး ပထမဆုံး ထွက်လာတဲ့ Galaxy A80 ဟာ ရှေ့နောက် အရှင်ပြောင်းနိုင်တဲ့ Rotating triple lens နဲ့လာပြီး New Infinity Display သစ်ကို သုံးလာပါတယ်။ ဈေးနှုန်းလည်း အတော်လေး ကြီးမြင့်တဲ့ ဖုန်းအဖြစ် မိတ်ဆက်ထားတာ ဖြစ်ပါတယ်။