မနေ့ညက ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ ပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ခရိုအေးရှားတို့ နောက်တစ်ဆင့်တက်ဖို့ အခက်တွေ့သွားခဲ့ပြီး အယ်လ်ဘေးနီးယားကတော့ မထင်မှတ်ထားတာကို စွမ်းဆောင်ပြခဲ့တာပါ။
ဒီပွဲမှာ အယ်လ်ဘေးနီးယားက ဦးဆောင်ဂိုးအရင်ရခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ဒုတိယပိုင်းမှာ ခရိုအေးရှားက ချေပဂိုးရခဲ့ပါတယ်။ ခရမ်မာရစ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး (၂) မိနစ်အကြာမှာပဲ အယ်လ်ဘေးနီးယားတို့ နောက်တစ်ဂိုး ထပ်ပေးလိုက်ရတာပါ။
ဒီဂိုးမှာတော့ အယ်လ်ဘေးနီးယားရဲ့ လူစားဝင်ကစားသမား ဂျာဆူလာက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန်မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၅) မိနစ်မှာ ဂျာဆူလာက အယ်လ်ဘေးနီးယားအတွက် အဖိုးတန်သရေတစ်မှတ် ရရှိစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဂျာဆူလာက သမိုင်းတစ်လျှောက် ဘယ်ကစားသမားမှ မရှိသေးတဲ့ စံချိန်တစ်ရပ်ကို ရရှိသွားခဲ့တာပါ။ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုပေါင်းမှာ ဂျာဆူလာလိုမျိုး လူစားဝင်လာပြီး ကိုယ့်ဂိုးကိုယ်လည်း သွင်း၊ ပြိုင်ဘက်ကိုလည်း ဂိုးသွင်းနိုင်တဲ့ ကစားသမားမျိုး မရှိသေးဘူးလို့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့်လည်း ဂျာဆူလာက ဒီလိုမျိုး စွမ်းဆောင်နိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ အယ်လ်ဘေးနီးယားကလည်း အုပ်စုတတိယနေရာမှာ ရှိနေပြီး နောက်တစ်ဆင့်တက်ဖို့အတွက် မျှော်လင့်နိုင်စွမ်း ရှိနေပါသေးတယ်။