အင်္ဂလန်ဂန္တဝင်ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းက စကော့တလန်နဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ မက်ဂွိုင်းရားထံ မက်ဆေ့ချ်ပို့ပြီး အားပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ အင်္ဂလန်က ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါပေမယ့်လည်း မက်ဂွိုင်းရားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုက မီဒီယာစာမျက်နှာတွေထက်မှာ ဆက်တိုက် နေရာယူခဲ့ပြီး မက်ဂွိုင်းရားက အားလုံးရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ မက်ဂွိုင်းရားကတော့ ဒီဖိအားတွေကို ကောင်းကောင်း ရင်ဆိုင်နိုင်ကြောင်း ပြောကြားထားပါတယ်။
သူ့ကို အင်္ဂလန်မှာ ဆက်တိုက် ရွေးချယ်နေတဲ့ ဆောက်ဂိတ်ကိုလည်း ဝေဖန်ပြစ်တင်မှုတွေရှိနေပြီး ယူနိုက်တက်မှာလည်း ဒီကစားသမားကြီးက ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ခမ်းကတော့ မက်ဂွိုင်းရားဘက်က ရပ်တည်နေဆဲဖြစ်ကြောင်း မက်ဆေ့ချ်ပို့ အားပေးကာ ပြသခဲ့ပါတယ်။
သတင်းရင်းမြစ်က “ဘက်ခမ်းက မက်ဂွိုင်းရားကို ခေါင်းမော့ရင်ကော့ပြီး ရင်ဆိုင်ဖို့ မက်ဆေ့ချ်ပို့ခဲ့ပါတယ်။ ပစ်မှတ်ထားခံရတာက ဘယ်လိုမျိုးလဲဆိုတာကို သိတဲ့အကြောင်းလည်း သူက ပြောပါသေးတယ်။ ဘက်ခမ်းလည်း ဒါမျိုးကို ကျော်ဖြတ်ခဲ့ရပြီး မက်ဂွိုင်းရားကိုလည်း ဒါမျိုး လုပ်နိုင်ဖို့ သူ မျှော်လင့်နေတာပါ”
“ဘက်ခမ်းလို လူမျိုးဆီက မက်ဆေ့ချ်ရတာက မက်ဂွိုင်းရားအတွက်တော့ ကမ္ဘာကြီးတစ်ခုလိုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘက်ခမ်းကလည်း ကစားသမားဘဝမှာ အခုလိုမျိုး မီဒီယာတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးတာကြောင့် သူ့ရဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး မက်ဂွိုင်းရားကို အားပေးစကား ပြောကြားခဲ့တာပါ။