လိုင်ယွန်နောက်ခံလူ မာဆယ်လိုဟာ အသင်းလည်းရှုံးပွဲတွေ့၊ သူလည်း ကိုယ့်ဂိုးကိုယ်သွင်းထားတဲ့ပွဲအပြီးမှာ မလျော်ကန်တဲ့ အပြုအမူမျိုးကို ပြုလုပ်ခဲ့တာကြောင့် အသင်းကြီးကနေ အရံအသင်းကို အပို့ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပြဿနာဖြစ်ပြီး အခုမှသာ သတင်းတွေက ဖော်ပြခဲ့တာပါ။
အသင်းအတွက် ပွဲပေါင်း (၁၆၇) ပွဲကစားထားပြီးတဲ့ မာဆယ်လိုဟာ ဒီရာသီအဖွင့် ပွဲစဥ် (၂) ပွဲမှာလည်း လိုင်ယွန်အတွက် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ သူ နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲကတော့ အန်ဂါစ်ကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ မာဆယ်လိုတယောက် ကိုယ့်ဂိုးကိုယ်လည်း သွင်းမိခဲ့ပါသေးတယ်။
ပြင်သစ်အခြေစိုက်သတင်းတွေရဲ့ ဖော်ပြချက်အရ အသက် (၃၄) နှစ်အရွယ် ဒီကစားသမားဟာ အဲ့ဒီပွဲအပြီး အဝတ်လဲခန်းထဲမှာ လေလည်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး လေလည်တာက ပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမယ့် မာဆယ်လိုက အသင်းရှုံးနိမ့်နေချိန်၊ သူလည်း ကိုယ့်ဂိုးကိုယ်သွင်းခဲ့ချိန်မှာ လေလည်တဲ့ကိစ္စကို ဟာသလုပ်ထိုင်ရယ်မောခဲ့ပါတယ်။
မာဆယ်လိုရဲ့ ဒီလိုမျိုးလုပ်ရပ်က အသင်းရဲ့ဂန္တဝင်လည်းဖြစ်၊ အားကစားဒါရိုက်တာလည်းဖြစ်တဲ့ ဂျူနင်ဟိုကို ဒေါသထွက်စေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မာဆယ်လိုဟာ အရံအသင်းကို အပို့ခံခဲ့ရပြီး ဇန်နဝါရီမှာတော့ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။ မာဆယ်လိုရဲ့ ဒီလုပ်ရပ်ကတော့ ကိစ္စသေးသေးလေးကနေ “အမှိုက်ကစ ပြသာဒ်မီးလောင်” ဖြစ်ခဲ့ရတယ်ဆိုရမှာပါ။
ဒီကစားသမားဟာ (၂၀၁၇) တည်းက အသင်းကို ရောက်ရှိနေတာဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်ခွင့်ရရှိခဲ့ပါသေးတယ်။ မာဆယ်လိုဟာ လိုင်ယွန်အရံအသင်းအတွက် (၁၁) ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး စာချုပ်ဖျက်သိမ်းခံရတာပါ။ အဲ့ဒီနောက်မှာတော့ ပြင်သစ်လီဂူးကလပ်ပဲဖြစ်တဲ့ ဘော်ဒိုးကို ပြောင်းရွှေ့ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မာဆယ်လိုရဲ့ ဘော်ဒိုးက လီဂူးတူးကို တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။ မာဆယ်လိုနဲ့ ဘော်ဒိုးတို့ရဲ့ စာချုပ်သက်တမ်းကလည်း ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် မာဆယ်လိုတယောက် ဘယ်အသင်းကို ထပ်မံပြောင်းရွှေ့ဖြစ်ဦးမလဲ စောင့်ကြည့်ရမှာပါ။