လန်ဒန်မြို့တောင်ပိုင်းရှိ Croydon ရဲစခန်းအချုပ်ထောင်မှာ ရဲတပ်ဖွဲ့အရာရှိတစ်ဦး ပစ်သတ်ခံကြောင်း သိရပါတယ်။
ထိုအချုပ်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ သံသယရှိသူတစ်ဦးက သေနတ်ဆွဲထုတ်ကာ ရဲအရာရှိကို ပစ်ခတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်ခဲ့ပါတယ်။ ဒေသစံတော်ချိန် ယနေ့ (စက်တင်ဘာ ၂၅ ရက်) မနက် ၂ နာရီ ၁၅ မိနစ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရတဲ့ ရဲအရာရှိကို Windmill လမ်းမရှိ အချုပ်ထောင်မှာပင် ဆေးဘက်ဝန်ထမ်းတွေက ကနဦး ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် အဆိုပါ ရဲအရာရှိဟာ ဆေးရုံရောက်ပြီးနောက် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပါတယ်။
ရဲအရာရှိကို ပစ်ခတ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသားကို အခင်းဖြစ်နေရာမှာပင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့မှုကြောင့် သေနတ်ဒဏ်ရာရခဲ့တဲ့ ၎င်းကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး လက်ရှိမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေဖြင့် ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတွေက ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
(Photo: BBC)
ရဲစခန်းနဲ့ အချုပ်ထောင်နေရာသို့ လက်နက်ပါရှိသူတစ်ဦး မည်သို့ ဝင်ရောက်နိုင်ခဲ့ကြောင်းကို ရဲတပ်ဖွဲ့စုံစမ်းထောက်လှမ်းရေး အရာရှိဟောင်း ခရစ်ဖီးလစ်ကို မေးမြန်းခဲ့ရာမှာတော့ "အရဲအရာရှိတွေက အခု လူတွေကို သိပ်ပြီး ရှာဖွေမှု မလုပ်ကြဘူးထင်ပါတယ်၊ သံသယရှိလို့ ဖမ်းဆီးခဲ့သူတွေကို ရဲစခန်းကို လွှဲပြောင်းပို့ဆောင်ခြင်းမပြုမီ ရှာဖွေသင့်ပါတယ်၊ ဒါပေမဲ့ ဒါက အမြဲတမ်းတော့ မဟုတ်ပါဘူး၊ ပထမဆုံးနေရာမှာ ဘာကိစ္စကြောင့် ဖမ်းဆီးခဲ့လဲဆိုတဲ့အပေါ်လည်း မူတည်ပါတယ်" လို့ ၎င်းက ရှင်းပြခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။