မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဟာ စက်တင်ဘာ (၂၅) ရက် နေ့လယ်ပိုင်းအထိ (၁၇၂) ဦးအထိရှိလာခဲ့ပြီး သေဆုံးသူ အများစုဟာ နှာခေါင်း၊ အာခေါင်တို့ဖတ်ရယူပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနေချိန် သေဆုံးခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီနေ့ စက်တင်ဘာ (၂၅) ရက် ညနေ (၅) နာရီထုတ်ပြန်ချက်တွေအရ ကိုဗစ်ကြောင့် သေဆုံးသူ လူနာ ၁၇ ဦးအထိ စံချိန်တင်ခဲ့ပြီး အဆိုပါ လူနာ (၁၇) ဦးအနက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ (၁၁) ဦးကတော့ သေဆုံးချိန်မှာ ဓာတ်ခွဲနမူနာရယူပေးပို့စစ်ဆေးထားဆဲဖြစ်ပြီး ဓာတ်ခွဲအဖြေရမှ ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်ကြောင့် သေဆုံးသူဟာ စက်တင်ဘာ (၁၉) ရက်နေ့ကနေ စက်တက်ဘာ (၂၅) ရက်နေ့အထိ တစ်ပတ်အတွင်း သေဆုံးသူ (၁၀၁) ဦီးရှိပြီး (၅၅) ဦးကတော့ သေဆုံးချိန်မှာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားရာကနေ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ သေဆုံးသူလူနာ ၅ ဦးမှာ ၄ ဦး၊ ၂၀ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃ ဦးမှာ ၁ ဦး၊ ၂၁ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၂ ဦးမှာ ၁ ဦး၊ ၂၁ ရက် ညနေ ၄ နာရီခွဲ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃ ဦးမှာ ၃ ဦးစလုံး၊ ၂၂ ညနေ ၄ နာရီခွဲ သေဆုံးသူ ၁၃ ဦးမှာ ၁၁ ဦး၊ စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီထုတ်ပြန်ချက်မှာ သေဆုံးသူ ၂ ဦးမှာ ၁ ဦး၊ ၂၃ ရက်နေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၃ ဦးမှာ ၉ ဦး၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁ ဦးမှာ ၁ ဦး၊ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲထုတ်ပြန်ချက်အရ သေဆုံးသူ ၁၄ ဦးမှာ ၁၀ ဦး၊ စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီထုတ်ပြန်ချက်အရ သေဆုံးသူ ၁၇ ဦးမှာ ၁၁ ဦးက သေဆုံးချိန်မှာ ဓာတ်ခွဲနမူနာရယူစစ်ဆေးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ အသက် ၄၀ ကျော်ကနေ ၈၀ ကျော်တွေ အရွယ်ထိ အများဆုံးပါဝင်နေပြီး အသက် ၂၀ ကျော်၊ ၃၀ ကျော် အရွယ် လူလတ်ပိုင်းတွေလည်း ပါဝင်လာတာဖြစ်တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ၈၅၁၅ ဦးရှိပြီး သေဆုံးသူက ၁၇၂ ဦးရှိခဲ့ရာ သေဆုံးသူလူနာဟာ နှစ်ရာခိုင်နှုန်းကျော် ရှိလာပြီလို့လည်း သိရပါတယ်။