ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကတော့ သြစတြေးလျနိုင်ငံမှာရှိတဲ့ Serpentine ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။
Photo: Mg Myo Min
ဒါရိုက်တာ မောင်မျိုးမင်းဟာ စက်တင်ဘာလ(၂၃) ရက်နေ့တုန်းက သာသနာ့ဘောင်ထဲ ဝင်ရောက်နေတယ်ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် အမှတ်တရဓာတ်ပုံတင်ရင်း အသိပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့သြစတြေးလျနိုင်ငံ Serpentine Monastery မှာ သီတင်းသုံးနေထိုင်တယ်လို့ သူက ဆိုပါတယ်။
" ဒီကျောင်းမှာ ဖုန်းလိုင်းမမိဘူး၊ အင်တာနက် မမိဘူး၊ ဆွမ်းစားတဲ့အခါ သက်သတ်လွတ်ဟင်းကို ဆရာဝန်တွေက အဟာရကိုတွက်ပြီး စားဖိုမှူးက ချက်ပါတယ်။ ရဟန်းက (၉၀) ကျော်ရှိပါတယ်။ ရဟန်းလောင်းလို့ခေါ်တဲ့ ဝတ်စုံဖြူတွေ ဝတ်ထားတဲ့ ဖိုးသူတော်တွေက (၃၀) ဝန်းကျင်လောက်ရှိပါတယ်၊ မြန်မာဆိုလို့ ကျွန်တော်တစ်ယောက်ပဲရှိပါတယ်။ သူတို့အားလုံးက ရဟန်းတွေ ကျင့်ကြံတဲ့အတိုင်း ၂ နှစ်ကြာအောင်နေ၊ ဝိနည်းကို သေချာလေ့လာရပါတယ်။ အဲဒီ ၂ နှစ်အတွင်းမှာ မနေနိုင်ဘူးလို့ထင်ရင် လူထွက်လို့ရပါတယ်။ ၂ နှစ်ကြာနေထိုင်ပြီး ပျော်မွေ့အေးချမ်းသွားတာသေချာမှ ရဟန်းဘဝကို ကူးပြောင်းခွင့်ပေးပါတယ်။ မာတုကာမတွေဟာ သတ်မှတ်ထားတဲ့ နေရာအထိသာ လာခွင့်ရှိပါတယ်" ဆိုပြီးတော့ စက်တင်ဘာလ(၂၅) ရက်နေ့ ညနေ (၅) နာရီခန့်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
Photo: Mg Myo Min
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) အနေနဲ့ Serpentine Monastery မှာရှိတဲ့ ဆရာဝန်တွေက ရဟန်းနဲ့ ရဟန်းလောင်းတွေရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးကြတယ်လို့ ပြောပြခဲ့ပါသေးတယ်။
" ကျွန်တော်က ရဟန်းဘဝမရောက်ခင်မှာ ဆီးချိုရောဂါရှင်မို့ ညစာမစားပဲနေရင်ဆီးချိုကျတတ်လို့ ညစဉ် ဆရာဝန်က ဆေးတွေတိုက်ပြီး ဆီးချိုစစ်ပါတယ်။ စိတ်ချရပြီဆိုမှ ရဟန်းဝတ်ခွင့်ရခဲ့ပါတယ်။ အဲဒီလိုစနစ်ကျတာပါ။ အခြားရောဂါရှင်တွေလည်း သူတို့ပြနေကျ ဆရာဝန်တွေရဲ့ထောက်ခံစာလိုပါတယ်။ အဲဒီလိုတွေမြင်ရတော့ ကမ္ဘာမှာ ငါတို့မြန်မာတွေသာ ဗုဒ္ဓဘာသာကို အကြည်ညိုဆုံးနိုင်ငံလို့ ဘဝင်မြင့်ခဲ့မိတာကိုနောင်တရမိပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Mg Myo Min
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာတစ်ဦးဆိုလည်း မမှားပါဘူး။ သူရိုက်ကူးပုံဖော်လိုက်တဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားတွေချည်းပါပဲ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။