လေယာဥ်ပျက်ကျမှုအတွင်း လူတစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ စစ်ဘက်လေယာဥ်တစ်စီး ပျက်ကျခဲ့မှုအတွင်း လေတပ်ဗိုလ်လောင်း အများစုအပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

Antonov-26 အမျိုးအစားလေယာဥ်ဟာ သောကြာနေ့ (စက်တင်ဘာ ၂၅ ရက်) က ယူကရိန်းအရှေ့ပိုင်း ခါကိဗ်မြို့ (Kharkiv) အနီးမှာ ပျက်ကျခဲ့တာဖြစ်ပြီး လူတစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ လေယာဥ်ဟာ လေတပ်ဗိုလ်လောင်း ၂၀ ဦးနဲ့ အရာရှိ ခုနစ်ဦးကို တင်ဆောင်ပြီး လေယာဥ် လေ့ကျင့်ပျံသန်းမှုအဖြစ် ခါကိဗ်လေတပ်တက္ကသိုလ် (Kharkiv Air Force University) မှ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ လေယာဥ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ကနဦး တွေ့ရှိချက်များအရ လေယာဥ်ပျက်ကျစဥ် ဗိုလ်လောင်းတွေက မောင်းနှင်နေခဲ့တာ မဟုတ်ဘဲ လေယာဥ်မှူးကိုယ်တိုင် လေယာဥ်ကို မောင်းနှင်နေခဲ့တယ်လို့ သိရပါတယ်။



(Photo: AP)

လေယာဥ်ဟာ Chuhuiv မြို့ရှိ စစ်ဘက်လေဆိပ်တစ်ခုမှ ၁.၂ မိုင်အကွာမှာ ပျက်ကျခဲ့ကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။ လေယာဥ်ပျက်ကျရာနေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့သေးပြီး နောက်ပိုင်းမှာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားမှုအရ လေယာဥ်အပျက်အစီးများထဲမှ မီးစွဲလောင်နေတဲ့ လူတစ်ဦး ထွက်ပြေးလာခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

(Photo: AP)

"နောက်ကားတစ်စီးကလည်း ကျွန်တော်တို့အနောက်မှာ ရပ်လိုက်တယ်၊ ကျွန်တော်တို့ မီးသတ်ဆေးဘူးယူပြီး နောက်ထပ် ကားမောင်းသူတစ်ဦးနဲ့အတူ သူ့ကို ကူညီခဲ့ကြတယ်"လို့ ၎င်းကပြောပါတယ်။ အစောပိုင်းမှာ လေယာဥ်ပျက်ကျမှုအတွင်း လူနှစ်ဦး အသက်ရှင်ခဲ့ကြောင်း သတင်းထွက်ခဲ့ပေမဲ့ တစ်ဦးက ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

လေယာဥ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေးမှူးတွေက လေယာဥ်ပျက်ကျရတဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းလေးခုအဖြစ် လေယာဥ်စက်ချို့ယွင်းမှု၊ လေယာဥ်အမှုထမ်းတွေရဲ့ မှားယွင်းမှု၊ မြေပြင်ထိန်းချုပ်ရေးရဲ့ မှားယွင်းမှုနဲ့ ပြပြင်ထိန်းသိမ်းမှု အားနည်းချက်တို့ကို ထည့်သွင်းစဥ်းစားနေတယ်လို့ ဆိုပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က