တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကျောက်မီးသွေးသတ္တုတွင်းတစ်ခုအတွင်း မြေအောက်မှာပိတ်မိခဲ့ပြီးနောက် အလုပ်သမား ၁၆ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေဖြစ်ကြောင်း အစိုးရသတင်းဌာန CCTV က ပြောပါတယ်။
(Photo: Greg Baker)
ယနေ့ (စက်တင်ဘာ ၂၇ ရက်) မနက်ပိုင်းက ကျောက်မီးသွေးတင်းရှိ ရွေ့လျားစက်ခါးပတ် မီးစွဲလောင်မှုဖြစ်ပွားခဲ့ရာမှ အသက်အန္တရာယ်ရှိတဲ့အထိ ကာဗွန်မိုနော့ဆိုက် (carbon monoxide) ဓာတ်ငွေ့များ ထွက်ရှိခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာန Xinhua က အစိုးရရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြပါတယ်။ ဆေးဘက်ဝန်းထမ်းတွေက အသက်ရှင်ကျန်ရစ်သူတစ်ဦးကို အသက်ကယ်ရန် ကြိုးပမ်းနေကြောင်း CCTV က ပြောပါတယ်။
ကျောက်မီးသွေးတွင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Qijiang ခရိုင်အစိုးရက တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ ရေးသားထားပါတယ်။ ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ Songzao Coal Mine ကျောက်မီးသွေးတွင်းကို အစိုးရရဲ့ စွမ်းအင်ကုမ္ပဏီ Chongqing Energy က ပိုင်ဆိုင်ပြီး Chongqing မြို့အထွက်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ ဘေးကင်းလုံခြုံမှု အားနည်းပြီး စည်းမျဥ်းစည်းကမ်းတွေကို မကြာခဏ ချိုးဖောက်လေ့ရှိကာ မတော်တဆမှုများ ဖြစ်ပွားလေ့ရှိပါတယ်။
(Photo: PA)
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ဂက်စ်ယိုစိမ့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး မိုင်းတွင်းလုပ်သား ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း Chongqing ရှိ မိုင်းတွင်းတစ်ခုမှာ တွင်းထဲမှပစ္စည်းများ သယ်ဆောင်တဲ့ သေတ္တာပုံးများ ပို့ဆောင်ရာ လမ်းကြောင်းအစိတ်အပိုင်း ပြိုကျမှုဖြစ်ပြီး မိုင်းတွင်းလုပ်သား ခုနစ်ဦး သေဆုံးခဲ့ပါတယ်။
ထိုနှစ်ရဲ့ အောက်တိုဘာလမှာလည်း တရုတ်အရှေ့ပိုင်း Shandong ပြည်နယ်ရှိ သတ္တုတွင်းတစ်ခုထဲမှာ ဥမင်လှိုဏ်ခေါင်းတစ်လျှောက် တည်ဆောက်ထားမှုများ ပြိုကျခဲ့ပြီး ပိတ်မိခဲ့ရာမှ မိုင်းတွင်းလုပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။