အောက်တိုဘာလ (၁)ရက်နေ့မှာ ထွက်ရှိမယ့် အကြိမ်(၂၀)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ ရောင်းမကုန်တဲ့ ထီလက်မှတ်က (၉)သောင်းနီးပါးကျန်ရှိတယ်လို့ အောင်ဘာလေမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အကြိမ် (၂၀)ကြိမ်ထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း (၃၂)သိန်းကျော်ကို ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး ရောင်းမကုန်တဲ့ ထီလက်မှတ်ပေါင်းက ရှစ်သောင်းခုနှစ်ထောင်ကျော် ကျန်ရှိနေတာဖြစ်လို့ သိရပါတယ်။
“ အကြိမ် (၂၀)မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် အက္ခရာ အလုံး(၄၀)နဲ့ ထီစာအုပ် (၃၂)သိန်းကျော်ထုတ်ဝေခဲ့တာပါ။ အဲဒီမှာ ဒီလအတွက် မရောင်းရဘဲ ကျန်ရှိတဲ့ ထီလက်မှတ်က ၈၇,၀၀၀ (ရှစ်သောင်းခုနစ်နှစ်ထောင်) ကျော်ကျန်တယ်။ ထီရောင်းရငွေစုစုပေါင်းက ၃၁ ဘီလီယံ ကျော်ပါတယ်။ အဲဒီထဲက ၆၀ ရာခိုင်နှုန်းကျော်ကိုတော့ ထီဆုအဖြစ်ပြန်လည်ချီးမြှင့်သွားမှာ”ပါလို့ အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကိုပြောပါတယ်။
ကိုဗစ်ကာလဖြစ်နေပေမယ့်လည်း ထီဖွင့်ပွဲကိုတော့ ပုံမှန်တိုင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတွင်း ကိုဗစ်စတင်ဖြစ်ပွားခဲ့စဉ်ခဲ့တဲ့ မတ်လကတည်းကစပြီး ထီရောင်းအားတွေကျဆင်းလျှက်ရှိတာမှာ အထိနာတာကတော့ ထီကိုယ်စားလှယ်တွေပဲဖြစ်ပါတယ်။
ရောင်းအားတွေကျဆင်းနေပေမယ့်လည်း အခွန်ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့အတွက် လစဉ်မဖြစ်မနေ ထီလက်မှတ်တွေကို ဝယ်ယူရောင်းချနေရတာဖြစ်ပြီး နောက်ဆုံး ကိုယ်စားလှယ်တွေလက်ထဲမှာလည်း ထီလက်ကျန်တွေများစွာကျန်ရှိနေတဲ့ အခက်အခဲကို လစဉ်ကြုံတွေ့နေကြတာပါ။
“ ကျွန်တော်တို့က ရောင်းမကောင်းလို့ဆိုပြီးလည်း ဒီလယူမရောင်းဘူးဆိုပြီးလုပ်လို့မရဘူး။ မှတ်ပုံတင်ထားတဲ့အတိုင်း လစဉ်မဖြစ်မနေယူရတယ်။ ရောင်းရတာ မရောင်းတာကတော့ ကျွန်တော်တို့လက်ထဲရောက်မှ ကျွန်တော်တို့အပိုင်းပေါ့ဗျာ။ ဒီကာလကတော့ ဘယ်လိုမှ အဆင်မပြေဘူး အရှုံးချည်းပဲ။ လက်ကျန်တွေထဲက ထီပေါက်ရင်တော့ ကံပေါ့လို့” ရန်ကုန်က ထီးကိုယ်စားလှယ်ရောင်းချသူတစ်ဦးက Duwun ကို ပြောပါတယ်။
အကြိမ် (၂၀)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကိုတော့ အောက်တိုဘာလ(၁)ရက်နေ့မှာ ပုံမှန်အတိုင်းဖွင့်လှစ်ပေးသွားမှာပါ။ လစဉ်ချီးမြှင့်နေကြ ပုံမှန်ဆုတွေအပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုကြေးငွေ ကျပ်သန်း (၂၅၀)ထဲက (၁၀)သိန်းဆု (၄)ဆု ၊ ၃သိန်းဆု (၂၀)ဆု၊ ၂သိန်းဆု (၂၀၀)ဆုနဲ့ ၁သိန်းဆု (၂၀၀၀)ဆုတို့ကိုလည်း ထပ်မံတိုးပြီး ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။