WHO က အသိအမှတ်ပြုထုတ်လုပ်ထားတဲ့ Test Kit တွေကို ကိုရီးယားနိုင်ငံကတဆင့်မှာယူထားတာရောက်ရှိနေပြီဖြစ်ပြီး မနက်ဖြန် (စက်တင်ဘာ ၂၉ ရက်) မှာ စတင်အသုံးပြုနိုင်တော့မယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ည(၈)နာရီမှာ ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
ကိုရီးယားနိုင်ငံက မှာယူထားတဲ့ Test Kit များဖြင့် မိမိမှာ ကိုဗစ်-၁၉ ပိုးရှိ/မရှိ ၁၅ မိနစ်ကနေ နာရီဝက်အတွင်း စစ်ဆေးသိရှိနိုင်တော့မှာဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
အဆိုပါ Test Kit တွေကို အရေအတွက် (၂) သိန်းခန့်မှာယူထားပြီး စက်တင်ဘာ ၂၇ရက်နေ့က ခြောက်သောင်း၊ ဒီကနေ့ ညနေပိုင်းမှာ တစ်သိန်းလေးသောင်းရောက်ရှိလာနေပြီး မနက်ဖြန်မှာ မြို့နယ်ကျန်းမာရေးဌာနတွေမှာ စတင်သုံးစွဲမယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။ အတိ အဓိကကတော့ ဖျားနာ၊ ချောင်းဆိုး သံသယလက္ခဏာရှိသူတွေ၊ပိုးတွေ့သူတွေနဲ့ အနီးကပ်ထိတွေ့သူတွေနဲ့ ပိုးတွေ့နိုင်ချေအများဆုံးရှိတဲ့နေရာတွေကို စစ်ဆေးသွားမှာဖြစ်တယ်လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကို ပြောပါတယ်။
“Antigen Test တစ်ခုဟာဆိုရင် ကိုဗစ်-၁၉ ပိုးရှိကြောင်း ၈၀ ရာခိုင်နှုန်းအထိ ပြနိုင်တယ်။ ပိုးမရှိကြောင်းကိုလည်း ၉၇ ကနေ ၉၉ ရာခိုင်နှုန်းအထိ ပြနိုင်တယ်ဆိုတဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီပြီးသားဖြစ်ပါတယ်။ သူ့ရဲ့ စစ်ဆေးချက်မှန်ကန်မှုဟာ စိတ်ချရတဲ့အနေအထားမှာ ရှိပါတယ်။ ဒီ Test Kit တွေဟာ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က အသိအမှတ်ပြုပြီးသားဖြစ်တယ်။ သူက အလွယ်တကူပဲ လူနာဘေးနားမှာပဲ တစ်ခါတည်းစမ်းသပ်လို့ရတယ်။ စမ်းမယ့် သူကတော့ PPE အပြည့်အစုံ ဝတ်ဖို့ လိုတာပေါ့။ ပိုးရှိ၊မရှိကတော့ ၁၅ မိနစ်ကနေ ၃၀ မိနစ်အတွင်း အဖြေသိနိုင်မယ်လို့ ပါပါတယ်။"”လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။
Antigen Test Kit များနဲ့ စစ်ဆေးပြီး ပိုးရှိ/မရှိ ချက်ချင်းသိရှိနိုင်တော့မှာဖြစ်လို့ ပိုးတွေ့သူတွေကို အမြန်ဆုံး သီးခြားခွဲထားနိုင်တော့မှာဖြစ်ပြီး လိုအပ်တဲ့ ကုသမှုတွေလည်း မြန်မြန်ဆန်ဆန်ရရှိလာမှာဖြစ်သလို ရောဂါဆိုးရွားစွာဖြစ်မှု၊ အသက်ဆုံးရှုံးရမှုတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်လာလိမ့်မယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက သုံးသပ်ပြောဆိုပါတယ်။
ဒီလို ပိုးရှိ/မရှိ သိရှိပြီးတဲ့နောက် ပိုးရှိတဲ့သူတွေနဲ့ ထိတွေ့သူတွေကိုလည်း အလျှင်အမြန်ထောက်လှမ်းနိုင်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးမှာလည်းပိုပြီးထိရောက်မှုရှိလာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် များများစစ်ဆေးနိုင်ရင် ပိုးတွေ့လူနာလည်း ပိုပြီးဖြစ်လာမှာဖြစ်တာကြောင့် ထပ်ပြီးများပြားလာမယ့် လူနာတွေထဲမှာ ရောဂါအခံမရှိသူတွေ၊ အသက်အရွယ်ငယ်သူတွေနဲ့ ရောဂါလက္ခဏာမပြင်းထန်သူတွေကို သီးခြားတစ်နေရာမှာ ထားရှိပြီး စောင့်ကြည့်ကုသပေးသွားမယ်လို့လည်း သိရပါတယ်။
“ နောက်ခံရောဂါရှိသူတွေ၊ အသက်ကြီးတဲ့သူတွေနဲ့ ပြင်းထန် လက္ခဏာရှိတဲ့သူတွေကတော့ သေချာပြုစုစောင့်ရှောက်ကုသဖို့လိုတဲ့အတွက် ဒါမျိုးတွေကိုတော့ ဆေးရုံတွေမှာထားမှာဖြစ်ပါတယ်။ ပိုစစ်နိုင်ရင် ပိုးတွေ့သူ ပိုများလာမယ်။ ဒီတော့ ဒီလိုပိုးတွေ့လူနာတွေကို ခွဲခြားထားနိုင်ဖို့ အတွက်လည်း ဆောင်ရွက်နေတာပါ”လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။
ရောဂါပိုးရှိမရှိ မြန်ဆန်စွာနဲ့ မှန်ကန်စွာ စမ်းသပ်နိုင်တဲ့ Antigen test kit တွေကို ကိုရီးယားနိုင်ငံကနေ မြန်မာအစိုးရက ဝယ်ယူခဲ့ပြီး ကိုရီးယားအစိုးရကလည်း ဒေါ်လာ ၅သိန်းဖိုး လှူဒါန်းပေးမှာဖြစ်ကာ ရခိုင်နှင့် မြို့နယ်ဆေးရုံများ၌ အဓိကထား စစ်ဆေးပေးသွားမယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စက်တင်ဘာ ၂၆ရက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်တဲ့ ပြည်သူတွေကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။
Share