မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်းမှာ ဆေးရုံမရောက်ခင်နဲ့ဆေးရုံကိုအရေးပေါ်အခြေအနေနဲ့ရောက်ရှိလာပြီးမှ သေဆုံးမှုများပြားနေတာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။
စက်တင်ဘာလအတွင်းထုတ်ပြန်ချက်တွေအရ ကိုဗစ်-၁၉ရောဂါပိုးကြောင့်သေဆုံးသူအများစုဟာ သေဆုံးပြီးမှ swab ယူစစ်ဆေးခဲ့ကာ ကိုဗစ်-၁၉ရောဂါပိုးရှိသူတွေဖြစ်ကြောင်းကိုသိရှိရခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့ည သတင်းထုတ်ပြန်မှာလည်း သေဆုံးသူ ၃၀ဦးမှာ ၁၅ဦးက ဆေးရုံမရောက်ခင်ကတည်းကသေဆုံးပြီးဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။
အခုလို လူနာအများစုဆေးရုံမရောက်ခင်ကတည်းက သေဆုံးမှုတွေရှိနေတာက ကိုဗစ်ကြောက်လို့ ဆေးရုံမလာရဲကြရာကနေ ရောဂါအခြေအနေပိုမိုပြင်းထန်လာခြင်းကြောင့်ဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဆေးပညာဌာမှ ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက သုံးသပ်ပါတယ်။
"အဓိကဘာကြောင့်လဲဆိုတော့ နံပါတ်(၁)ကတော့ လူနာတွေက တခြားရောဂါတွေနဲ့တွဲနေတာတွေများတယ်။ နံပါတ်(၂)ကတော့ လာတဲ့အချိန်မှာ အမောဖောက်တာတို့ တခြားရောဂါတွေဆိုးနေတာတို့ပါတယ်။ ကိုဗစ်သီးသန့်လိုယူဆရတဲ့လူနာတွေက လူငယ်တွေပဲဖြစ်လိမ့်မယ်။ ကိုဗစ်သီးသန့်က ဥပမာ လူ ၁၀၀သေတယ်ဆိုရင် ငါးယောက်လောက်ပဲပါမယ်။ ၅ရာခိုင်နှုန်းကတော့ ကိုဗစ်သီးသန့်လိုပြောချင်ပြောနိုင်တာပေါ့။ ကျန်တဲ့လူနာတွေကတော့ တခြားရောဂါတွေကြောင့် ဒါဆုံးမှာပါပဲ။ နံပါတ်(၁)ကတော့ ကိုဗစ်ကြောင့်ဆေးရုံကိုမလာဘဲနဲ့ ကိုဗစ်တွေကိုကြောက်ပြီးဆေးရုံကိုစောစောစီးစီးမပြဖြစ်ပဲနဲ့ အိမ်မှာ ဆိုးနေတဲ့အချိန်ကျမှလာပြီးတော့ တကယ်က ကိုယ့်မှာရှိတဲ့ ရောဂါပိုးကို ကိုဗစ်ကပိုဆိုးအောင်လုပ်လိုက်တဲ့သဘောပေါ့။ ဒါကြောင့် တကယ်က အသက်အန္တရာယ်ရှိတာ။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ရောဂါအခံရှိတဲ့သူတွေက ပိုဆိုးတာ။" လို့ ဒေါက်တာမော်မော်ဦး Duwun ကို ပြောပါတယ်။
ရောဂါအခံရှိသူတွေအနေနဲ့ သေလုမြောပါးအခြေအနေရောက်မှ ဆေးရုံကို မလာဖို့၊ ကိုဗစ်ကိုကြောက်လို့ အိမ်မှာကြိတ်မကုဖို့၊ ရောဂါအခံရှိသူတွေအနေနဲ့ လိုအပ်တဲ့ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားတာမျိုးတွေကိုလည်း လုပ်ထားသင့်တယ်လို့ ဒေါက်တာမော်မော်ဦးက အကြံပြုပြောကြားခဲ့ပါတယ်။
ကိုဗစ်ကြောင့်သေဆုံးမှုနှုန်းလျော့နည်းစေရန်အတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့လည်း အထူးကုသခန်း ICU တွေကို ထပ်မံတိုးချဲ့ပြင်ဆင်နေတယ်လို့သိရပါတယ်။ စက်တင်ဘာလ ၂၈ရက်နေ့ညအထိစာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့်သေဆုံးသူ ၂၅၆ဦးအထိရှိနေပြီး စက်တင်ဘာ ၂၆၊ ၂၇ နဲ့ ၂၈ရက်နေ့တွေမှာ စံချိန်တင်အရေအတွက်အဖြစ် ၈၂ဦးအထိ သေဆုံးမှုရှိခဲ့တာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။