ထပ်မံစိစစ်ပြုစုထားတဲ့ မဲဆန္ဒရှင်စာရင်းတွေကို အောက်တိုဘာ (၁) ရက်နေ (၁၄) ရက်အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ နောက်ဆုံးအကြိမ်အဖြစ် (၁၄) ရက်ကြာ ထပ်မံကပ်ထား ကြေညာမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ ညွန်ကြားချက်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဲစာရင်း လာရောက်ကြည့်ဖို့ အခက်အခဲဖြစ်နေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့လည်း အွန်လိုင်းကတစ်ဆင့် ကြည့်နိုင်မှာဖြစ်တယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။
အွန်လိုင်းကနေ ကြည့်မယ့်သူတွေအနေနဲ့ Web Application ဖြစ်တဲ့ findyourpollingstation.uec.gov.mm မှာ ကြည့်ရှုနိုင်သလို Mobile Application ဖြစ်တဲ့ findyourpollingstation.apk ကို Google Play Store မှာ Download ရယူပြီး မိမိတို့ရဲ့ အမည် မဲစာရင်းမှာ ပါ/မပါ စစ်ဆေးနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ- UEC Facebook
ဒါ့အပြင် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲစာရင်းလာကြည့်ရာမှာ မိမိနဲ့ မိသားစုတွေရဲ့ မဲစာရင်းအမှတ်စဉ်ကို မှတ်သားထားစေလိုပြီး ဒါမှသာ ရွေးကောက်ပွဲနေ့မှာ မဲရုံမှာ မဲလက်မှတ်ထုတ်ယူရာမှာ မဲစာရင်းအမှတ်စဉ်နဲ့ မိမိအမည်ကို အလွယ်တကူရှာဖွေနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
မဲစာရင်း မှန်ကန်ဖို့နဲ့ ရွေးကောက်ပွဲမှာ လွယ်ကူစွာ မဲပေးနိုင်ဖို့ ပြည်သူတွေအနေနဲ့ အိမ်ထောင်စုတစ်စုမှာ အနည်းဆုံးတစ်ဦးက မပျက်မကွက် မဲစာရင်းလာကြည့်သင့်ပြီး အခက်အခဲရှိပါကလည်း အွန်လိုင်းက တစ်ဆင့် ကြည့်ရှုစ်ဆေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။
မဲစာရင်းအမှတ်စဉ် မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ မဲရုံမှာ မဲလက်မှတ်ထုတ်ယူရာ အချိန်ကုန်သက်သာစေဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း ကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။
Web Application နဲ့ Mobile Application အသုံးပြုပြီး မဲစာရင်းစစ်ရမယ့်နည်းလမ်းကိုတော့ UEC Website နဲ့ Facebook တို့မှာ ကြေညာပေးသွားမှာဖြစ်ပြီး အသုံးပြုတဲ့အခါ တစ်ချိန်တည်းအသုံးပြုသူ အနည်းအများပေါ်မူတည်ကာ အချိန် ကြန့်ကြာနိုင်တာကြောင့် စိတ်ရှည်စွာ အချိန်ပေးဝင်ရောက်ကြည့်ရှုဖို့ကိုလည်း အသိပေးထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပထမအကြိမ်မဲစာရင်းတွေကို ဇူလိုင်လ ၂၅ ရက်နေ သြဂုတ်လ ၁၄ ရက်အထိ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပြန်လည်စိစစ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခု ဒုတိယအကြိမ် ပြန်လည်ကြေညာတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ မဲဆန္ဒရှင်စာရင်း ပြန်လည်စီစစ်ပြီးတဲ့နောက် မဲပေးပိုင်ခွင့်ရှိသူ ၁ သန်းခန့် တိုးလာပြီး စုစုပေါင်း မဲပေးနိုင်သူဦးရေ ၃၈ သန်းကျော် ရှီနေပြီလို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
Share