နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။

Nagorno-Karabakh နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား တိုက်ပွဲများ အရှိန်မြင့်တက် ဖြစ်ပွားနေစဥ်အတွင်း ၎င်းတို့ရဲ့ တိုက်လေယာဥ်တစ်စီးကို တူရကီတိုက်လေယာဥ်က ပစ်ချခဲ့ကြောင်း အာမေးနီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။

(Photo: Reuters)

အာမေးနီးယားနိုင်ငံခြားရေးဝန်းကြီးဌာနက ထုတ်ပြန်မှုအရ ဆိုဗီယက်ခေတ် SU-25 လေယာဥ်ကို တူရကီလေတပ်မှ F-16 တိုက်လေယာဥ်က အာမေးနီးယား လေပိုင်နက်အတွင်း ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ အာမေးနီးယားရဲ့ ပြောဆိုမှုအပေါ် အဇာဘိုင်ဂျန်ကို ကူညီထောက်ပံ့နေတဲ့ တူရကီနိုင်ငံက ငြင်းဆိုခဲ့ပါတယ်။



အဇာဘိုင်ဂျန်နိုင်ငံ ၎င်းရဲ့လေတပ်မှာ F-16 တိုက်လေယာဥ် ပိုင်ဆိုင်းထားမှု မရှိကြောင်း အကြိမ်ကြိမ် ပြောထားခဲ့ပါတယ်။ သို့သော် အဇာဘိုင်ဂျန်ကို ကူညီထောက်ပံ့နေတဲ့ တူရကီမှာတော့ F-16 တိုက်လေယာဥ် ပိုင်ဆိုင်ထားပါတယ်။ ယနေ့ (စက်တင်ဘာ ၂၉ ရက်) မနက်ပိုင်းမှာ အာမေးနီးယားတိုက်လေယာဥ် ပစ်ချခံခဲ့ရပြီး တိုက်လေယာဥ်မှူးဟာ သူရဲကောင်းတစ်ဦးအဖြစ် ကျဆုံးသွားကြောင်း အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Shushan Stephanyan က ပြောခဲ့ပါတယ်။

(Photo: Reuters)

သူမက Facebook မှာ ပြောထားမှုအရ တူရကီ F-16 တိုက်လေယာဥ်ဟာ အာမေးနီးယား လေပိုင်နက်အတွင်းသို့ ၃၇ မိုင်အထိ ရောက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ တူရကီဘက်ကတော့ ထိုပြောဆိုမှုဟာ လုံးဝမှားယွင်းကြောင်း ချက်ချင်း ငြင်းဆိုထားခဲ့ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား Nagorno-Karabakh တောင်တန်းနယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တိုက်ပွဲများဖြစ်ပွားနေခဲ့တာ သုံးရက်ရှိပြီဖြစ်ကာ အရပ်သားများ အပါအဝင် လူ ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ကာလရှည်ကြာ ပဋိပက္ခဖြစ်ပွားနေခဲ့မှုဟာ လတ်တလော လပိုင်းအတွင်း အရှိန်မြင့်လာခဲ့ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ နှစ်နိုင်ငံဟာ Nagorno-Karabakh နယ်မြေအ‌ရေး ဆယ်စုနှစ်လေးခုကြာ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှု ဖြစ်နေခဲ့ကြပါတယ်။

(Photo: EPA)

နိုင်ငံတကာက ထိုနယ်မြေကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယန်းလူမျိုးစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ပဋိပက္ခမှာ တူရကီက အဇာဘိုင်ဂျန်ကို ပွင့်ပွင့်လင်းလင်း ကူညီထောက်ပံ့နေပြီး အာမေးနီးယားမှာ စစ်စခန်းအခြေစိုက်ထားရှိတဲ့ ရုရှားကတော့ ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုထားပါတယ်။ 

ယခုနှစ် ဇူလိုင်လအတွင်းကလည်း အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့စဥ်က လူ ၁၆ ဦး သေဆုံးခဲ့ပြီးနောက် အဇာဘိုင်ဂျန်နိုင်ငံမြို့တော် ဘာကူမြို့မှာ နှစ်ပေါင်းအတန်ကြာအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲပေါ်ပေါက်ခဲ့ကာ စစ်တပ်ကို အလုံးစုံ အသင့်ပြင်ဆင်စေလွှတ်ပြီး Nagorno-Karabakh နယ်မြေကို ပြန်လည်သိမ်းယူရန် တောင်းဆိုခဲ့ကြပါတယ်။

Nagorno-Karabakh နယ်မြေဆိုင်ရာ အချက်အလက်များ

  • ဧရိယာအကျယ်အဝန်း ၁,၇၀၀ စတုရန်းမိုင်ရှိတဲ့ တောင်တန်းနယ်မြေတစ်ခု ဖြစ်ပါတယ်
  • အစဥ်အလာအရ အာမေးနီးယန်း ခရစ်ယာန်တွေနဲ့ တာ့ခ်စ် (Turks) မွတ်စလင်မ်များ နေထိုင်ကြပါတယ်
  • ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်
  • နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ လူဦးရေအများစုက အာမေးနီးယန်းလူမျိုးစုတွေ ဖြစ်ကြပါတယ်
  • အာမေးနီးယားဘက်မှ အပါအဝင် ထိုနယ်မြေမှာ ၎င်းတို့ကိုယ်တိုင် အာဏာရှိသူများအဖြစ် ကြေညာထားသူတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုထားပါဘူး
  • ၁၉၈၈-၉၄ ခုနှစ် နှစ်နိုင်ငံစစ်ပွဲကြောင့် ခန့်မှန်းခြေ လူဦးရေတစ်သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်
  • ၁၉၈၈-၉၄ ခုနှစ် စစ်ပွဲကာလအတွင်း ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက အဇာဘိုင်ဂျန်အတွင်း နောက်ထပ် ပိုင်နက်နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပါတယ်
  • ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ပွဲဟာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်
  • တူရကီနိုင်ငံက အဇာဘိုင်ဂျန်ကို အတိအလင်း အားပေးထောက်ခံထားပါတယ်
  • ရုရှားနိုင်ငံက အာမေးနီးယားမှာ စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်

.

Share

Loading Next Article...
က္က