နိုင်ငံရေးပါတီများအတွက် ထုတ်လွှင့်ပေးမယ့်အစီအစဉ်တွေမှာ ပြည်သူ့ပါတီလုံးဝပါဝင်မည်မဟုတ်ကြောင်း သိရသည်။

နိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားမှာ ဟောပြောထုတ်လွှင့်မယ့် ပြည်သူ့ပါတီရဲ့ မူဝါဒ ၊ သဘောထား ၊ လုပ်ငန်းစဉ်ပါ အချက်အလက်ထဲက အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ဟောပြောဖို့ အကြောင်းကြားခဲ့တဲ့အတွက် ဒီထုတ်လွှင့်ခြင်းလုပ်ငန်းတွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ပြည်သူ့ပါတီက ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့ပါတီရဲ့ ဟောပြောမယ့်အချက်ထဲက "ကျွန်တော်တို့ ပြည်သူအများစုဟာ တုံးလုံးစာဝေးလို့ မတ်တတ်စာတောင် အနိုင်နိုင်ရပ်တည်နေကြရတာဖြစ်ပါတယ် ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေနဲ့အဓိက ယှဉ်ပြိုင်ဖို့အတွက် အဓိကအခက်အခဲဖြစ်နေတာက ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဘဏ်တိုးနှုန်းမြင့်မားနေခြင်းဖြစ်ပါတယ် ၊ အခွန်အကောက်များ ကောက်ယူရာမှာလည်း ရိုးရှင်းပြီး သင့်တင့်မျှတတဲ့ အခွန်အကောက်စနစ်တွေဖြစ်ဖို့ ၊ အခွန်ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ကျယ်ပြန့်တဲ့အခွန်ထမ်းစနစ်ဖြစ်ပေါ်စေဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် " အစရှိတဲ့ အချက်တွေကို ပယ်ဖျက်ဟောပြောဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဒီနေ့ စက်တင်ဘာလ ၃၀ရက် မနက်မှာ ပြည်သူ့ပါတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။



ဓာတ်ပုံ-ကျော်ဇင်မန်း( ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး ရန်ကုန်တိုင်းအောင်နိုင်ရေးရုံးဖွင့်ပွဲနဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်အခမ်းအနားတက်ရောက်စဉ်)

ဒီလို ပယ်ဖျက်ဖို့အကြောင်းကြားခဲ့တဲ့ အချက်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားတဲ့ တားမြစ်ချက် (၉)ချက်နဲ့ ငြိစွန်းခြင်းမရှိသလို ဘယ်အချက်နဲ့ငြိစွန်းလဲဆိုတာကိုလည်း အကြောင်းပြန်ခြင်းမရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ပြည်သူလူထုကို တင်ပြမယ့် မူဝါဒသဘောထားတွေကို ဖြတ်တောက်ခြင်း ၊ တည်းဖြတ်ခြင်းတို့က ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အခြေခံစံချိန်စံညွှန်း တန်ဖိုးထားမှု နဲ့ ကျင့်စဉ်တွေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ပြည်သူ့ပါတီအနေနဲ့ ခံယူတယ်လို့ မနေ့က စက်တင်ဘာလ ၂၉ ရက်မှာ ကနဦး ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် ပြည်သူ့ပါတီအနေနဲ့ နိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး နိုင်ငံရေးပါတီများအတွက် အလှည့်ကျထုတ်လွှင့်ပေးမယ့် အစီအစဉ်တွေမှာ ပြည်သူ့ပါတီအနေနဲ့ လုံးဝပါဝင်တော့မှာမဟုတ်ဘူးလို့လည်း ယင်းကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ ပြည်သူ့ပါတီကဲ့သို့ ပါတီမူဝါဒဖြတ်တောက်ခံရတဲ့ နိုင်ငံရေးပါတီအချို့လည်းရှိနေပြီး ၎င်းတို့ကလည်း နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောမှုအစီအစဉ်မှာ ပါဝင်မှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားကြပါတယ် ။

အဆိုပါကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကို ရွေးကောက်ပွဲကော်မရှင်ကို မေးမြန်းဖို့အတွက် Duwun က ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က