ပဋိပစ္စည်းများ စစ်ဆေးလေ့လာမှုရလဒ်ကို ကိုးကားပြီး အိန္ဒိယဆေးသုတေသနကောင်စီက ပြောပါတယ်။

အိန္ဒိယမှာ အစိုးရက တရားဝင်ထုတ်ပြန်ထားမှုထက် ၁၀ ဆဖြစ်တဲ့ လူဦးရေ သန်း ၆၀ ကျော် COVID-19 ကူးစက်ခံထားရနိုင်ကြောင်း နိုင်ငံရဲ့ ကပ်ရောဂါဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းက တစ်နိုင်ငံလုံးအနှံ့ သွေးနမူရယူကာ ပဋိပစ္စည်းများ စစ်ဆေးလေ့လာမှုရလဒ်ကို ကိုးကားပြီး စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

(Photo: AFP)

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယဟာ တစ်ကမ္ဘာလုံးမှာ အမေရိကန်ပြီးလျှင် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆.၂ သန်းရှိကြောင်း အစိုးရက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ သို့သော် အမှန်တစ်ကယ် ကူးစက်ခံရမှု အရေအတွက်ဟာ များစွာပိုမိုနိုင်ကြောင်း သွေးနမူနာရယူပြီး ပဋိပစ္စည်းများစစ်ဆေးမှုဖြင့် ကူးစက်ခံရနိုင်တဲ့ လူဦး‌ရေအချိုးအစားကို ခန့်မှန်းရန် နောက်ဆုံးပြုလုပ်ခဲ့တဲ့ sero-survey လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။



"ဒီလေ့လာဆန်းစစ်မှုအရ အဓိက ကောက်ချက်ကတော့ ဩဂုတ်လအထိ ၁၀ နှစ်ကျော်အရွယ် လူ ၁၅ ယောက်မှာ တစ်ယောက်က SARS-CoV-2 (COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ခံထားရပါတယ်" လို့ အိန္ဒိယ ဆေးပညာသုတေသနကောင်စီ (Indian Council of Medical Research - ICMR) အထွေထွေညွှန်ကြားရေးမှူး Balram Bhargava က ကျန်းမာရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(Photo: Getty Images)

Balram Bhargava ရဲ့ ပြောကြားမှုအရ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အထောက်အထားကို မြို့ပြဆင်ရဲသားရပ်ကွက်များရှိ လူတွေထံမှာ ပိုမိုတွေ့ရပြီး ၁၅.၆ ရာခိုင်နှုန်းဖြစ်ကြောင်းနဲ့ ဆင်းရဲသားရပ်ကွက်မဟုတ်တဲ့ နေရာတွေမှာတော့ ၈.၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယကျေးလက်ဒေသတွေမှာတော့ လူဦးရေ ၄.၄ ရာခိုင်နှုန်း ကူးစက်ခံရတဲ့ အထောက်အထားတွေ့ရတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် သို့မဟုတ် နယ်မြေ ၂၁ ခုမှာရှိတဲ့ လူဦးရေ ၂၉,၀၀၀ ကျော်ထံမှ သွေးနမူနာ ရယူစစ်ဆေးပြီး sero-survey လေ့လာဆန်းစစ်မှုကို ဩဂုတ်လလယ်ပိုင်းမှ စက်တင်ဘာလယ်အတွင်း လုပ်ဆောင်ခဲ့ပါတယ်။ ယခုနောက်ဆုံး သိရှိလာရတဲ့ ကိန်းဂဏန်းတွေဟာ ပထမတစ်ကြိမ် sero-survey ပြုလုပ်စဥ်က ရလဒ်တွေထက် သိသာစွာ မြင့်တက်လာခဲ့တာလည်း တွေ့ရပါတယ်။

(Photo: BBC)

ထိုစဥ်က အိန္ဒိယနိုင်ငံရှိ အရွယ်ရောက်ပြီးသူတွေရဲ့ ၀.၇၃ ရာခိုင်နှုန်း (လူဦးရေ ၆ သန်းခန့်) ဟာ မေလအရောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရနိုင်ကြောင်း ICMR က ပြောထားခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့မြို့တော် နယူးဒေလီမြို့နဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ မွမ်ဘိုင်းမြို့တို့မှာ ပြုလုပ်ခဲ့တဲ့ အခြား ပဋိပစ္စည်းစစ်ဆေး လေ့လာမှုတွေအရလည်း ထိုမြို့တွေမှာ COVID-19 ကူးစက်မှုအရေအတွက်ဟာ တရားဝင် ထုတ်ပြန်ထားမှုထက် ပိုများနိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ရန်ပုံငွေအနည်းဆုံးပမာဏ သုံးစွဲနေတဲ့ ကမ္ဘာ့နိုင်ငံတွေအနက် ပါဝင်နေတဲ့ အိန္ဒိယဟာ မတ်လနှောင်းပိုင်းမှာ သတ်မှတ်ထုတ်ပြန်ထားခဲ့တဲ့ lockdown စီမံဆောင်ရွက်မှုတွေကို ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေပေမဲ့လည်း တဖြည်းဖြည်း ဖြေလျှော့လာခဲ့ပြီး စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းနေခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာက ယနေ့ (စက်တင်ဘာ ၃၀ ရက်) ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ အိန္ဒိယမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ နောက်ထပ် ၈၀,၄၇၂ ဦးနဲ့ သေဆုံးသူ ၁,၁၇၉ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၆.၂၃ သန်းနဲ့ သေဆုံးသူ ၉၇,၄၉၇ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က