HIV ကင်းစင်သွားခဲ့တဲ့ အခြေအနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရှင်သန်နေထိုင်ခဲ့ပါတယ်။

HIV ဗိုင်းရပ်စ်ကူးစက်ခံရပြီး ကုသပျောက်ကင်းသွားတဲ့ ကမ္ဘာ့ပထမဆုံးလူနာ အမေရိကန်အမျိုးသား တင်မ်မိုသီရေးဘရောင်းဟာ ကင်ဆာရောဂါဖြင့် ကယ်လီဖိုးနီယားမှာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့ လက်တွဲဖော်က ပြောပါတယ်။

(Photo: C. Goldsmith/Wikipedia)

"တင်မ်မိုသီ ကွယ်လွန်သွားပြီလို့ ကျွန်မ ဝမ်းနည်းခြင်းကြီးစွာနဲ့ ကြေညာပါတယ်၊ ကျွန်မနဲ့ သူငယ်ချင်းတွေ သူ့ဘေးမှာရှိစဥ်မှာပဲ ဒီနေ့မွန်းလွဲပိုင်းမှာ သူ ကွယ်လွန်သွားပါတယ်၊ တင်မ်မိုသီက သွေးကင်ဆာကို ငါးလကြာ ကုသခဲ့ရပြီး ကွယ်လွန်သွားခဲ့တာပါ" လို့ ၎င်းရဲ့လက်တွဲဖော် Tim Hoeffgen က Facebook မှာ ရေးသညးထားပါတယ်။



၁၉၆၆ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ တင်မ်မိုသီဟာ ၂၀၀၇ ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကုသမှုခဲ့ရာ HIV ကင်းစင်သွားခဲ့တဲ့ ကမ္ဘာ့ပထမဆုံး လူနာဖြစ်ပြီး "ဘာလင်လူနာ" လို့ လူသိများလာခဲ့ပါတယ်။ ၎င်းဟာ ထူးခြားတဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုဖြင့် HIV ကင်းစင်စေရန် ကုသမှုခံယူခဲ့ပါတယ်။

(Photo: Gerard Julien/Getty Images)

တင်မ်မိုသီရဲ့ ကုသမှုဖြစ်ရပ်ဟာ HIV ကုသတဲ့ ဆရာဝန်တွေနဲ့ AIDS ရောဂါဖြစ်စေတဲ့ ထိုဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေအတွက် စိတ်ဓာတ်တက်ကြွစရာ ဖြစ်ခဲ့ရပါတယ်။ တင်မ်မိုသီကို HIV ကင်းစင်သွား‌စေရန် ကုသပေးနိုင်မှုက တစ်နေ့နေ့မှာ ကုထုံးတစ်ရပ်တွေ့ရှိလာပြီး AIDS ရောဂါ အမြစ်ဖြတ်တိုက်ဖျက်နိုင်ရေး မျှော်လင့်ချက်ရှိလာစေခဲ့ပါတယ်။

တင်မ်မိုသီထံဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ နေထိုင်လျက်ရှိစဥ် ၁၉၉၅ ခုနှစ်အတွင်း HIV ကူးစက်ခံထားရကြောင်း စတင်သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ထို့နောက် ၂၀၀၆ ခုနှစ်မှာ acute myeloid leukaemia ခေါ် သွေးကင်ဆာတစ်မျိုး ဖြစ်ပွားနေတာကိုလည်း သိခဲ့ရပါတယ်။ တင်မ်မိုသီဟာ ကုသမှုခံယူပြီးနောက် HIV ကင်းစင်သွားခဲ့တဲ့ အခြေအနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရှင်သန်နေထိုင်ခဲ့ပါတယ်။

(Photo: Getty Images)

ထို့နောက် ယမန်နှစ်အတွင်းမှာတော့ သွေးကင်ဆာ‌ရောဂါကို ခံစားလာခဲ့ရတယ်လို့ ဆိုပါတယ်။ တင်မ်မိုသီရဲ့ ဆရာဝန်တွေ ပြောကြားမှုအရ သွေးကင်းဆာဟာ ၎င်းရဲ့ ကျောရိုမကြီးနဲ့ ဦးနှောက်သို့ ပျံ့နှံ့သွားခဲ့ကြောင်း သိရပါတယ်။ တင်မ်မိုသီဟာ လတ်တလောမှာ ၎င်းရဲ့ဇာတိမြို့ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် Palm Springs မြို့ရှိ နာတာရှည်ရောဂါကုဆေးရုံမှာ ကုသမှုခံယူနေခဲ့ရပါတယ်။

တင်မ်မိုသီကို ၂၀၀၇ ခုနှစ်က HIV ပျောက်ကင်းသွားတဲ့အထိ ကုသပေးခဲ့တဲ့ ဂျာမန်ဒေါက်တာ Huetter ရဲ့ အဆိုအရ ထိုကုသမှုဟာ ၎င်းအတွက်တော့ အမှောင်ထဲကို လှမ်းပစ်ရတာပဲလို့ ဆိုပါတယ်။ တင်မ်မိုသီကို HIV အတွက် ကုသရာမှာ ၎င်းရဲ့ ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ပြီး ပင်မဆဲလ်တွေကို HIV ကို ခုခံနိုင်စွမ်းရှိတဲ့ CCR5 ခေါ် မျိုးဗီဇပြောင်းဆဲလ်ဖြင့် အစားထိုးမှု ပါဝင်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ တင်မ်မိုသီ အပါအဝင် ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှုဖြင့် HIV ကင်းစင်သွားတဲ့ လူနာသုံးဦးရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝန်း HIV ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၇ သန်းကျော်ရှိနေကြောင်းနဲ့ ၁၉၈၀ ပြည့်လွန် နှစ်များအတွင်း စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး AIDS ကြောင့် လူဦးရေ ၃၅ သန်း သေဆုံးခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က