မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ အတွက်ဖြစ်ပါတယ်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် (CLMV) နိုင်ငံ ၄ နိုင်ငံရဲ့ COVID-19 ကာကွယ်တားဆီးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် မြှင့်တင်ရေးတို့အတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် ၄.၈ သန်း (အမေရိကန်ဒေါ်လာ ၆.၂ သန်းကျော်) ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ ၃၀ ရက်နေ့နေ့လယ်က ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ ပြုလုပ်တဲ့ COVID-19 ကူးစက် ရောဂါဆိုင်ရာ video conferencing အစည်းအဝေးမှာ ဗြိတိန်က အခုလိုကတိကဝတ်ပြုခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးရာဝန်ကြီးဌာနက ရေးသားဖော်ပြထားပါတယ်။ အဆိုပါအစည်းအဝေးမှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများ ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။



ဓာတ်ပုံ - MoFA

အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်တက်ရောက်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းနှင့် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှု-စီးပွားထိခိုက်နစ်နာမှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံနဲ့ ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်း၊ COVID-19 ကာကွယ်ဆေးကို အလျင်အမြန် ထုတ်လုပ်နိုင်ရေးနဲ့ လက်လှမ်းမီတဲ့ စျေးနှုန်းနဲ့ အားလုံးသာတူညီမျှ ခံစားရရှိနိုင်ရေးက အရေးကြီး ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဆီယံနိုင်ငံများမှာ ဖိလစ်ပိုင်က ကိုဗစ်ကူးစက်ခံရသူ သုံးသိန်းကျော်ရှိကာ ကူးစက်မှု အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက အင်ဒိုနီးရှား၊ တတိယက စင်ကာပူတို့ဖြစ်ပြီး မြန်မာနိုင်ငံက ကိိုဗစ်ကူးစက်ခံရသူ စတုတ္ထအများဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ကိုဗစ်လူနာသေဆုံးမှုမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံက တတိယအများဆုံးဖြစ်ပါတယ်။ စက်တင််ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအထိိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၁၃,၃၇၃ ဦးရှိနေပြီး သေဆုံးသူ ၃၁၀ ဦး ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က