စင်ကာပူက ဗီယက်နမ်နဲ့ ဩစတြေးလျ (ဗစ်တိုးရီးယားပြည်နယ်မပါ) တို့မှ ပြည်ပခရီးသွားအချို့ကို အောက်တိုဘာ ၈ ရက်နေ့မှစပြီး ပြည်ဝင်ခွင့်ပြုသွားမှာဖြစ်ပြီး ထိုသို့ ပြန်လည်ဝင်ခွင့်ပြုတဲ့နိုင်ငံ လေးနိုင်ငံရှိလာပြီလို့ သိရပါတယ်။
(Photo: Ong Ye Kung/Facebook)
စင်ကာပူအစိုးရက ဘရူနိုင်းနဲ့ နယူးဇီလန်နိုင်ငံတို့မှ ခရီးသွားတွေကိုလည်း စက်တင်ဘာလ အစောပိုင်းမှာ ပြန်လည်ဝင်ရောက်ခွင့်ပြုထားခဲ့ပါတယ်။ ပြည်ပခရီးသွား ဝင်ရောက်ခွင့်ပြုသွားမယ့် ဗီယက်နမ်နဲ့ ဩစတြေးလျတို့ဟာ COVID-19 ကူးစက်ပျံ့နှံ့မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပြီး ထိုနိုင်ငံတွေမှ လာရောက်ကြသူတွေထံမှာ ဗိုင်းရပ်စ်ပါလာနိုင်တဲ့အန္တရာယ် လျော့နည်းကြောင်း Civil Aviation Authority of Singapore (CAAS) က စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ယနေ့ (အောက်တိုဘာ ၁ ရက်) မှစပြီး ဗီယက်နမ်နဲ့ ဩစတြေးလျ (ဗစ်တိုးရီးယားပြည်မပါ) တို့မှ ရက်တိုနေထိုင်မယ့် ပြည်ပခရီးသွားတွေဟာ စင်ကာပူသို့ဝင်ရောက်ရန် Air Travel Pass လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ စင်ကာပူသို့ ခရီးသွားလာမှုကို အောက်တိုဘာ ၈ ရက်နေ့မှစပြီး ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
(Photo: Ong Ye Kung/Facebook)
ဗီယက်နမ်ဟာ ပြီးခဲ့တဲ့ ၂၈ ရက်မှာ COVID-19 ပြည်တွင်းကူးစက်မှု မရှိခဲ့ဘဲ ဩစတြေးလျ (ဗစ်တိုးရီးယားပြည်နယ်မပါ) ကလည်း ပြည်တွင်းကူးစက်မှုနှုန်း လူ ၁၀၀,၀၀၀ မှာ ၀.၀၂ ဖြစ်ကြောင်း CAAS က ဆိုပါတယ်။ တစ်ချိန်တည်းမှာပင် စင်ကာပူနိုင်ငံက ဗီယက်နမ်နဲ့ ဩစတြေးလျ (ဗစ်တိုးရီးယားပြည်နယ်မပါ) သို့ ခရီးသွားခွင့်ပြုသွားမယ်လို့ CAAS က ပြောပါတယ်။
အဆိုပါနိုင်ငံတွေကို ခရီးသွားသူတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက သတ်မှတ်ထားတဲ့ ပြည်ဝင်ခွင့်လိုအပ်ချက်တွေကို စစ်ဆေးဆောင်ရွက်ကြရန်နဲ့ လိုအပ်တဲ့ ကူးစက်မှုကြိုတင်ကာကွယ်ရေး အစီအမံများ လုပ်ဆောင်ကြရန် CAAS က အကြံပြုပါတယ်။ စင်ကာပူအစိုးရက ယခု နှစ်နိုင်ငံမှ ခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့်မပြုမီ စက်တင်ဘာ ၈ ရက်နေ့မှစပြီး ဘရူနိုင်းနဲ့ နယူးဇီလန်မှ ခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။
(Photo: Blooberg)
ဘူရူနိုင်း၊ နယူးဇီလန်၊ ဗီယက်နမ်နဲ့ ဩစတြေးလျမှ စင်ကာပူသို့ လာရောက်ကြတဲ့ ခရီးသွားတွေဟာ နေအိမ်မှာနေရမယ့် Stay-Home သတိပေးချက် လိုအပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ထိုခရီးသွားတွေဟာ စင်ကာပူကို ရောက်ရှိလာချိန်မှာ COVID-19 စစ်ဆေးရန် လိုအပ်ပါတယ်။ စစ်ဆေးမှုအဖြေက ဗိုင်းရပ်စ်မရှိခဲ့ပါက စင်ကာပူနိုင်ငံအတွင်း သွားလာနိုင်မှာဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ ဩစတြေးလျမှ စင်ကာပူသို့လာရောက်တဲ့ ခရီးသွားအားလုံးဟာ တိုက်ရိုက် လေကြောင်းခရီးစဥ်ဖြင့်သာ လာရောက်ရမယ်လို့ သတ်မှတ်ထားပါတယ်။
(Photo: Reuters)
၎င်းတို့ဟာ လေဆိပ်မှာ COVID-19 စစ်ဆေးပြီးနောက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးမပြုဘဲ တက္ကစီ သို့မဟုတ် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုဖြင့် တည်းခိုနေထိုင်မယ့်နေရာသို့ သွားရောက်ရမှာဖြစ်ပြီး စစ်ဆေးမှုအဖြေက ဗိုင်းရပ်စ်မရှိကြောင်း အတည်မပြုခင်အထိ သီးခြားခွဲနေထိုင်ရမယ်လို့ သိရပါတယ်။ စစ်ဆေးမှုအဖြေဟာ ၄၈ နာရီအတွင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ ခရီးသွားတွေဟာ စင်ကာပူမှာရှိနေစဥ် TraceTogether အက်ပလီကေးရှင်းကို ၎င်းတို့ရဲ့ဖုန်းမှာ ထည့်သွင်းထားရမယ်လို့ CNA သတင်းက ဖော်ပြပါတယ်။