လူတွေကိုသတ်ပြီးနောက် အလောင်းများကို ဖြတ်တောက်ကာ ၎င်းရဲ့တိုက်ခန်းမှာ သိမ်းဆည်းထားခဲ့ပါတယ်။

ဂျပန်အမျိုးသားတစ်ဦးက Twitter မှတစ်ဆင့် အဆက်အသွယ်လုပ်ပြီးနောက် လူကိုးဦးကိုသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ ထိုလူသတ်မှုဟာ အများပြည်သူကြား ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။

(Photo: Reuters)

တွစ်တာလူသတ်သမား (Twitter Killer) လို့ အမည်ပေးထားကြတဲ့ အသက် ၂၉ နှစ်အရွယ် တာကာဟီရိုရှိရာအီရှီ (Takahiro Shiraishi) ကို ၎င်းရဲ့တိုက်ခန်းမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ တွေ့ရပြီးနောက် ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးစွဲချက်ခဲ့ပါတယ်။ တာကာဟီရိုက ၎င်းအပေါ် စွဲချက်တင်ထားမှုအားလုံးဟာ မှန်ကန်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့ တရားရုံးကြားနာစစ်ဆေးမှုအတွင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။



သို့သော် တာကာဟီရို သတ်ခဲ့တဲ့သူတွေဟာ သေကြောင်းကြံစည်ရန် စဥ်းစားခဲ့ကြသူတွေဖြစ်ပြီး အသတ်ခံရန် သဘောတူခဲ့တာကြောင့် စွဲချက်တွေကို လျော့ပေါ့သင့်ကြောင်း ၎င်းရဲ့ ရှေ့နေတွေက ပြောခဲ့ပါတယ်။ တာကာဟီရိုဟာ လူသတ်မှုကျူးလွန် တရားရုံးက စီရင်ဆုံးဖြတ်ခဲ့ပါက သေဒဏ်ချမှတ်ခံရပြီး ကြိုးပေးကွပ်မျက်ခံရမယ်လို့ ဆိုပါတယ်။ တာကာဟီရိုရဲ့ အမှုကို စိတ်ဝင်စားမှုများပြားခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့ တရားခွင်သို့ လာရောက်ကြည့်ရှုနားထောင်သူ ၆၀၀ ကျော် ထိုင်ခုံနေရာရရှိရန် တန်းစီခဲ့ကြကြောင်း NHK သတင်းက ဖော်ပြပါတယ်။

(Photo: Kyodo)

တရားရုံးသို့ တင်ပြထားတဲ့ စွဲချက်များအရ တာကာဟီရိုဟာ သေကြောင်းကြံစည်ရန် စဥ်းစားနေတဲ့ အမျိုးသမီးတွေကို ဆက်သွယ်ရန် ၂၀၁၇ ခုနှစ် မတ်လအတွင်း Twitter အကောင့်တစ်ခုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ သေကြောင်းကြံစည်ရန် စဥ်းစားနေသူတွေဟာ လွယ်ကူတဲ့ပစ်မှတ်များအဖြစ် တာကာဟီရိုက ထင်မြင်ယူဆခဲ့တာ ဖြစ်ပါတယ်။ Twitter မှတစ်ဆင့် ဆက်သွယ်ပြီးနောက် တာကာဟီရို သတ်ခဲ့သူတွေဟာ အသက် ၁၅ နှစ်နဲ့ ၂၆ နှစ်ကြား အရွယ်တွေလို့ ဆိုပါတယ်။

တာကာဟီရိုဟာ လူတွေကိုသတ်ပြီးနောက် အလောင်းများကို ဖြတ်တောက်ကာ တိုကျိုမြို့အနီး ဇမ်မာမြို့ (Zama) ရှိ ၎င်းရဲ့တိုက်ခန်းမှာ ရေခဲပုံးများအတွင်း ထည့်သွင်းသိမ်းဆည်းထားခဲ့ပါတယ်။ လူတွေကို ဆက်တိုက်သတ်ခဲ့တဲ့ တာကာဟီရိုရဲ့အမှုဟာ ဂျပန်မှာ ထိတ်လန့်တုန်လှုပ်စရာဖြစ်ခဲ့ကာ သေကြောင်းကြံစည်မှုအကြောင်း ဆွေးနွေးထားတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ပတ်သက်ပြီး အသစ်တစ်ဖန် အချေအတင် ဆွေးနွေးခဲ့ကြရပါတယ်။

(Photo: Kyodo)

ဂျပန်အစိုးရက အဆိုပါ ဝက်ဘ်ဆိုက်တွေနဲ့ ပတ်သက်ပြီး စည်းမျဥ်းစည်းကမ်းအသစ်များ သတ်မှတ်ထုတ်ပြန်နိုင်ကြောင်း ထိုစဥ်က ပြောခဲ့ပါတယ်။ ထို့အတူ Twitter ရဲ့ စည်းမျဥ်းစည်းကမ်းတွေမှာလည်း အသုံးပြုသူတွေဟာ သေကြောင်းကြံစည်မှု သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် နာကျင်စေရန် လုပ်ဆောင်မှုကို အားမပေးသင့်ကြောင်း ဖော်ပြလာခဲ့ပါတယ်။ Twitter အမှုဆောင်အရာရှိချုပ် Jack Dorsey က ဂျပန်မှာဖြစ်ပွားခဲ့တဲ့ လူကိုးဦး အသတ်ခံရတဲ့အမှုဟာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း ထိုစဥ်က ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၇ နိုင်ငံ (Group of Seven - G7) အနက် သေကြောင်းကြံစည်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး နှစ်စဥ် သေကြောင်းကြံစည်သွားသူ ၂၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ သို့သော် ၂၀၀၃ ခုနှစ်မှာ သေကြောင်းကြံစည်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီးနောက်ပိုင်း သေကြောင်းကြံစည်မှုတွေ လျော့နည်းလာခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က