မေမြတ်နိုးခိုင်ကတော့ The Voice Myanmar(Season-3) Blind Auditions ပြိုင်ခဲ့တုန်းက အမှတ်တရတွေပြောပြလာပါတယ်။
Photo: May Myat Noe Khine
မေမြတ်နိုးခိုင်ကတော့ The Voice Myanmar (Season 3)Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ ဒိုင် (၄) ဦးစလုံးရဲ့ လှည့်ကြည့်ချင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သူမဟာ ရန်ရန်ချမ်း Team ကို ရွေးချယ်လိုက်တဲ့ အချိန်မှာ ဒိုင်တစ်ဦးဖြစ်တဲ့ နီနီခင်ဇော်က ဘာကြောင့်ရွေးချယ်လိုက်သလဲဆိုပြီး မေးခွန်း ထုတ်လာတဲ့အပေါ် " ကို YC ကို ကြိုက်လို့" ဆိုတဲ့ အဖြေကြောင့် ဝေဖန်ခံခဲ့ရတဲ့အကြောင်း Duwun ကို ပြောလာခဲ့ပါတယ်။
“ မနီနီ မေးတုန်းကတော့ ပါးစပ်ထဲ ရှိတာကို ပြောလိုက်တာပါ။ ကိုရန်ရန်ချမ်းရဲ့ Team ကို ရွေးချယ် ဖြစ်သွားတာက သူ့ရဲ့ သီချင်းတွေကို ကြိုက်တယ်။ ပရိသတ်ကတော့ ဘယ်လို ထင်သွားလို့လဲ မသိဘူး ညီမကို ပြောကြတယ်၊ ဝေဖန်ကြတယ်။ မနီနီပြောတဲ့ အချိန်မှာ ညီမက အရမ်းကို စိတ်လှုပ်ရှားနေလို့ အခုလို ဖြေလိုက်မိပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့ ညီမက အတွေ့အကြုံတွေရှိပါတယ်။ ငယ်ငယ်ကတည်းက သီချင်းတွေလိုက်ဆိုခဲ့ဖူးတယ်။ The Voice Myanmar မပြိုင်ခင်တုန်းက အိပ်မက်ဆုံရာမှာ ပြိုင်ခဲ့ဖူးတယ်" လို့ ဆိုပါတယ်။
Photo: May Myat Noe Khine
မေမြတ်နိုးခိုင်ဟာ ငယ်စဉ်ကတည်းက အဆိုတော် ရန်ရန်ချမ်းရဲ့ ပရိသတ် တစ်ဦးပါလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ရန်ရန်ချမ်းဆီက ဂီတပညာတွေ သင်ယူချင်ခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါသေးတယ်။
" ကိုရန်ရန်ချမ်း သီချင်းတွေကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာပါ။ သူ့ရဲ့ သီချင်းတွေကိုရော၊ သူ့ရဲ့ Rap ရွတ်တာတွေကိုရော သဘောကျတယ်။ ကိုယ်က အမြန် မရွတ်တတ်တော့ အားပေးဖြစ်တယ်။ ကိုယ့်ရဲ့ idol ဆိုရင်လည်း မမှားပါဘူး။ ကိုရန်ရန်ချမ်း ရဲ့ Rap ရွတ်ပုံတွေကို ညီမ သင်ယူချင်တယ်။ ဖြစ်နိုင်ရင် ဒိုင်တွေအကုန်လုံးဆီက ပညာတွေ သင်ယူချင်ခဲ့တာပါ။ ဒါပေမယ့် တစ်ဦးတည်းဆိုတော့ ကိုရန်ရန်ချမ်းကို ရွေးချယ်ခဲ့တယ်။ သူကလည်း သေသေချာချာလေး သင်ပေးပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: The Voice Myanmar
မေမြတ်နိုးခိုင်က The Voice Myanmar(Season-3) Blind Auditions ပြိုင်ပွဲမှာ " ဆေး" သီချင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် သူမကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ လက်ရှိမှာတော့ The Voice Myanmar(Season-3) ပြိုင်ပွဲမှာ YC Team Member တစ်ယောက်အနေနဲ့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။