ဒုတိယအကြိမ် မဲစာရင်းကြေညာခြင်းကို အောက်တိုဘာလ ၁ရက်က စတင်ပြီး အွန်လိုင်းဝက်ဘ်ဆိုဒ်ကနေ ကြည့်ရှူနိုင်မယ့်လိပ်စာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပေမယ့်လည်း ဒီနေ့ ဝင်ရောက်ကြည့်ရှူရာမှာ အခက်အခဲဖြစ်ပေါ်နေတယ်လို့ မဲဆန္ဒရှင်ပြည်သူတွေဆီက သိရပါတယ်။
အွန်လိုင်းမဲစာရင်းကြည့်ရှုဖို့ ဝက်ဘ်ဆိုဒ်လိပ်စာကို ဝင်ရောက်ပေမယ့်လည်း နောက်ဆုံးအဆင့်မှာ မဲစာရင်းရလဒ်မပေါ်ဘဲ ဖြစ်နေတယ်လို့ ပြည်သူအများက ပြောဆိုနေတာဖြစ်ပါတယ်။
" ဝင်ကြည့်တယ် ။ ဘာလို့လဲဆိုတော့ ပထမအကြိမ်ကြေညာတုန်းကလည်း မွေးခုနှစ်မှားနေလို့ ပြင်ထားရတာဆိုတော့ ။ မနေ့က သူများ share ထားတဲ့ လင့်ခ်တစ်ခုက ဝင်တာ ရတယ်ဗျ ။ အဲဒီမှာ ကြည့်တာလည်း မွေးနှစ်က မှားနေတုန်းပဲ ။ ဒီနေ့ အခု UEC က ကြေညာထားတဲ့ လိပ်စာကနေ ထပ်ဝင်ကြည့်တာတော့ မရဘူး ။ နောက်ဆုံးအဆင့်မှာ ဘာမှပေါ်မလာဘူး" လို့ မဲပေးမယ့် ပြည်သူတစ်ဦးဖြစ်တဲ့ ကိုကောင်းမြတ်သိန်းက Duwun ကို ပြောပါတယ်။
ဒီလို မဲစာရင်းရလဒ်မပေါ်ထွက်လာတာ ပြည်သူအများက စိတ်ဝင်စားမှုနဲ့ တပြိုင်နက်ဝင်ရောက်ကြည့်ရှုကြခြင်းကြောင့် ဖြစ်နိုင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နည်းပညာပိုင်းလိုအပ်ချက်အနည်းငယ်ရှိနေမယ်လို့ PPPပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထင်ဦးမောင်က Duwun ကို ပြောပါတယ်။
" ကျွန်တော်လည်း ဝင်ကြည့်လို့ မရဘူး ခင်ဗျ။ လူတွေက မဲပေးဖို့အတွက် စိတ်ဝင်စားမှုရှိနေပြီး ဒါကို သွားကြည့်ကြတယ် ။ စိတ်ဝင်စားမှုရှိမရှိ UEC post အောက်က မှတ်ချက်ရေးနေကြတာတွေမှာ တွေ့ရတယ်လေ။မြေပြင်မှာ ကြေညာတုန်းကပါတယ် ။ အခု ကြေညာတာမပါဘူးဆိုတဲ့သူတွေလည်းတွေ့တယ် ။ တချို့က ဝင်ကြည့်တာ စောလို့လားမသိဘူး ရတယ်ဗျ ။ ကွန်ပလိန်းတွေတော့ ရှိတာပေါ့။ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ရှိလို့ထင်တယ် ။ ပြီးတော့ ရန်ကုန်က လူတွေအတွက်က မခက်ပေမဲ့ နည်းနည်းဝေးတဲ့ နယ်ကလူတွေအတွက်ဆို ဒီထဲက တချို့အဆင့်လေးတွေက အဆင်မပြေလောက်ဘူး မွေးသက္ကရာဇ်ရွေးရတာမျိုးပေါ့ ။ အဲဒီနေရာလေး မှားမှာစိုးရတယ် ။ ဒါပေမယ့် စစချင်းနေ့မို့ ခက်နေတယ်ထင်ပါတယ်။နောက်ရက်ကျ ဝက်ဘ်ဆိုဒ်လည်း အဆင်ပြေသွားမယ်ထင်ပါတယ် ။ ဒီနေ့ အားနည်းချက်ရှိတာကို သူတို့ပြန်လုပ်ပေးမှာပေါ့ " လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ကမာရွတ်မြို့နယ် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထင်ဦးမောင်က Duwun ကိုပြောပါတယ်။
လက်ရှိမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရှူနိုင်တဲ့ ဝက်ဘ်ဆိုဒ်လိပ်စာ https://findyourpollingstation.uec.gov.mm/Uec/ မှာတော့ အခက်အခဲဖြစ်ပေါ်နိုင်မှာဖြစ်တယ်လို့ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာကတည်းကိုက ဝင်ရောက်ကြည့်ရှူသူ များပြားလွန်းရင် ကြန့်ကြာမှုတွေရှိနိုင်ပါတယ် အခက်အခဲဖြစ်နိုင်ပါတယ်လို့ မေတ္တာရပ်ခံထားပြီးသားပါ ခင်ဗျ ။ဘာလို့လဲဆိုတော့ ဝက်ဘ်ဆိုဒ်ဆိုတာက ပြည်သူ သန်း၃၀ရှိ သန်း၃၀လုံးတော့ တပြိုင်ထဲကြည့်လို့ မရလောက်ဘူး " လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက Duwun ကို ပြောပါတယ်။
ယနေ့မနက်ပိုင်းမှာတော့ ပြည်သူအများစုက အွန်လိုင်းကနေ မဲစာရင်းစစ်ဆေးလို့ မရနိုင်ဖြစ်နေပြီး အမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်စတဲ့ အချက်အလက်များ ရိုက်ထည့်ပြီးတဲ့နောက် ဆက်လက်ကြည့်ရှုလို့မရတော့ကြောင်း တချို့က ပြောဆိုပြီး တချို့ကတော့ ဝင်ကြည့်လို့မရကြောင်း ပြောနေကြတာ ဖြစ်ပါတယ်။
ဒုတိယအကြိမ် မဲစာရင်းကြေညာခြင်းကို ကိုဗစ် ၁၉ရောဂါ ဖြစ်ပွားမှုအနေအထားအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အွန်လိုင်းကနေ ကြည့်ရှုနိုင်ဖို့ ဆောင်ရွက်ထားတာဖြစ်ပြီး မဲစာရင်း မပါဝင် (သို့မဟုတ်) အချက်အလက်မှားယွင်းနေတဲ့ ပြည်သူတွေအနေနဲ့ အောက်တိုဘာလ ၁ရက်ကနေ ၁၄ ရက်အတွင်း အွန်လိုင်း (သို့မဟုတ်) သက်ဆိုင်ရာ ရပ်/ကျေးရုံးတွေမှာ မဲပေးနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။