အောက်တိုဘာလ ၁ရက်နေ့ကနေ စတင်ကြည့်ရှုစစ်ဆေးနိုင်မယ့် ဒုတိယအကြိမ်မဲစာရင်းကို ရန်ကုန်တိုင်းဒေသကြီးက မဲဆန္ဒရှင်တွေအနေနဲ့ ရန်ကုန်အတွက်သီးသန့် ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ https://www.yangon.gov.mm/voters#/ ကနေ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲ့ ကိုဗစ်၁၉ ဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး ရန်ကုန်တိုင်းအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က ဒီလို သီးခြားဆောင်ရွက်လိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူက Duwun ကို ပြောပါတယ်
" ရန်ကုန်ဆိုရင် နောက်ထပ်လင့်ခ်တစ်ခု ကျွန်တော်တို့ ပေးထားပါတယ်ခင်ဗျ။ရန်ကုန်ရွေးကောက်ပွဲကော်မရှင်နဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လမ်းညွှန်ချက်နဲ့ ရန်ကုန်တိုင်းကို သီးခြားရှာလို့ရအောင်လည်း နေရာတစ်ခုလုပ်ထားပါတယ်။တခြားတိုင်းဒေသကြီးနဲ့ပြည်နယ်အတွက်တော့ မရှိပါဘူး ။ ရန်ကုန်တိုင်းက ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေတဲ့ ဧရိယာဖြစ်လို့ ရန်ကုန်တိုင်းက သီးခြားလုပ်ထားတာပါ " လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက Duwun ကိုပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးက မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိမဲစာရင်းကို https://www.yangon.gov.mm/voters#/ မှာ ဒီနေ့ အောက်တိုဘာလ ၁ရက်ကနေ စတင်ကြည့်ရှုလို့ရပါပြီ။ မဲစာရင်းကြည့်ရှုရာမှာ ရန်ကုန်တိုင်းက ပြည်သူတွေအနေနဲ့ အထက်ပါဝက်ဘ်ဆိုဒ်ကနေ ကြည့်ရှူရတာ ပိုမိုအဆင်ပြေနေပြီး မဲစာရင်းရလဒ်ကို အခက်အခဲမရှိ သိရှိနိုင်ပါတယ်။
" ရန်ကုန်ကလူတွေအတွက်က စစ်လို့ရတဲ့နေရာ နှစ်ခုဖြစ်သွားတာပေါ့။ တစ်နေရာက findyourpollingstation.uec.gov.mm ပေါ့ ။ နောက်တစ်ခုက Yangon.gov.mm မှာလည်း စစ်လို့ရတယ်။လိုက်စစ်ကြည့်တော့ Yangon.gov.mm မှာတော့ စစ်လို့ရပေမယ့် မဲစာရင်းမှာ ကျွန်တော့်နာမည်မပါဘူး။သူတို့ညွှန်တဲ့အတိုင်းရှာတာပဲ နာမည်မတွေ့ဘူး ။ နောက်ဆိုဒ်တစ်ခုမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဝိုင်းကြည့်တော့ serverက ဟန်းနေတယ်။ result ထွက်မလာဘူး။ UEC အနေနဲ့ ဒီလိုလုပ်မယ်ဆို website ရဲ့ performance ကိုတင်ထားရမှာ ။ ဆိုလိုတာက မြန်မာပြည်မှာ voter သန်း၂၀ရှိလောက်မယ်ဆို အနည်းဆုံးအောက်ထစ် သန်း၂၀ရဲ့တစ်ဝက် ဆယ်သန်းလောက်ပမာဏကို တင်မလား စသည်ဖြင့်ထားရမှာပေါ့ ။ အဲဒီလိုမထားတော့ website က အခုဝိုင်းလည်းဝင်ရော ဟန်းနေရော " လို့ နည်းပညာအလုပ်လုပ်ကိုင်သူ ကိုရဲဝင်းထွဋ်က Duwun ကိုပြောပါတယ်။
မဲစာရင်းတွေကို အောက်တိုဘာလ ၁ရက်ကနေ ၁၄ရက်အတွင်း ကြည့်ရှုကာ မိမိအမည်စာရင်းမပါသူ (သို့မဟုတ်) အချက်အလက်မှားယွင်းသူတွေအနေနဲ့ ဒီ၁၄ရက်အတွင်းမှာ နည်းလမ်းသုံးမျိုးနဲ့ ပြင်ဆင်နိုင်မယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။
"နည်းပညာကို ကျွမ်းကျင်တယ် အွန်လိုင်းကို ကျွမ်းကျင်တဲ့သူတွေအနေနဲ့ ရန်ကုန်တိုင်းက တင်ထားတဲ့ web application မှာ လျှောက်ထားလို့ရတဲ့ပုံစံထည့်ပေးထားပါတယ်။တကယ်လို့ အဲဒီလိုမရနိုင်ဘူးဆို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တဲ့ ကိုယ်နေထိုင်တဲ့ရပ်ကွက်က ရွေးကောက်ပွဲကော်မရှင်က နှစ်ယောက်ရဲ့ဖုန်းတွေထည့်ပေးထားပါတယ်။နောက်တစ်မျိုးကတော့ ရပ်ကွက်ရုံးကို လူကိုယ်တိုင်ဖြစ်စေ ၊ အခက်အခဲရှိတယ်ဆို တစ်ယောက်ယောက်ကို နီးစပ်တဲ့မိတ်ဆွေကို အကူအညီတောင်းပြီး ရပ်ကွက်ရုံးကို ဆက်သွယ်ဆောင်ရွက်နိုင်အောင် ခွင့်ပြုထားပါတယ် " လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက Duwun ကိုပြောပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ရက်မှာ ကျင်းပမယ့် ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ၃၈သန်းကျော်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၈သိန်းရှိတယ်လို့ သိရပါတယ်။