ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny က ၎င်းအဆိပ်ခတ်ခံခဲ့ရမှုအတွက် သမ္မတဗလာဒီမာပူတင်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
(Navalny နှင့် ဇနီး Yulia Navanay) (Photo: Reuters)
"ဒီလုပ်ရပ်နောက်ကွယ်မှာ ပူတင်ရှိတယ်ဆိုတာ ကျွန်တော် အခိုင်အမာ ပြောပါတယ်၊ အခြား ရှင်းပြစရာ ကျွန်တော် မမြင်ပါဘူး" လို့ Navalny က ဂျာမန်သတင်းမဂ္ဂဇင်း Der Spiegel ကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ Navalny ဟာ ဆိုဗီယက်ခေတ်အတွင်း ထုတ်လုပ်ခဲ့တဲ့ Novichok အာရုံကြောအဆိပ်မိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဂျာမနီနိုင်ငံက ပြောကြားထားပါတယ်။
ဒီလုပ်ရပ်နောက်ကွယ်မှာ ပူတင်ရှိတယ်ဆိုတာ ကျွန်တော် အခိုင်အမာ ပြောပါတယ်
ဂျာမနီက စစ်ဆေးတွေ့ရှိခဲ့မှုကို ပြင်သစ်နဲ့ ဆွီဒင်ရှိ ဓာတ်ခွဲခန်းတွေက အတည်ပြုခဲ့ကြပါတယ်။ Navalny ဟာ အဆိပ်ခတ်ခံရပြီးနောက် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ Charité ဆေးရုံမှာ ကုသမှုခံယူခဲ့ရပြီး ယခုအခါ ပြန်လည်သက်သာလာတာကြောင့် ဆေးရုံဆင်းခွင့်ရပြီလို့ သိရပါတယ်။
(ဆေးရုံဆင်းပြီးနောက်တွေ့ရသည့် Navalny) (Photo: Reuters)
အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး စည်းရုံးလှုံ့ဆော်သူလည်းဖြစ်တဲ့ Navalny ဟာ ဩဂုတ် ၂၀ ရက်နေ့က ဆိုက်ဘေးရီးယားနယ်မြေ Tomsk မြို့မှ မော်စကိုမြို့သို့ လေယာဥ်စီးလာစဥ်အတွင်း နေမကောင်းဖြစ်လာခဲ့ရာ လေယာဥ်ကို Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ Navalny ကို ထိုမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းဟာ ကိုမာဝင် (သတိမေ့မြော) သွားခဲ့ပါတယ်။ ၎င်းရဲ့ အဖွဲ့ကတော့ ထိုစဥ်ကတည်းက သမ္မတပူတင်ရဲ့ အမိန့်အရ Navalny အဆိပ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။
ရုရှားအစိုးရကတော့ Navalny ဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ ရုရှားသမ္မတပူတင်ရဲ့ ပြောခွင့်ရအမျိုးသားက ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း Navalny ဟာ အာရုံကြောအဆိပ်ခတ်ခံရတဲ့ အထောက်အထားမရှိကြောင်းနဲ့ အမေရိကန် CIA အေးဂျင့်တွေက ၎င်းနဲ့အတူ ပူးပေါင်းလုပ်ကိုင်နေခဲ့ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။
(ရုရှားအတိုက်အခံခေါင်းဆောင် Navalny) (Photo: AP)
အသက် ၄၄ နှစ်အရွယ် စုစုပေါင်း ၃၂ ရက်ကြာ ဆေးရုံတက်ရောက်ခဲ့ရပြီး ၎င်းကို အထူးကြပ်မတ်ကုသဆောင်မှာ ၂၄ ရက်ကြာ ကုသပေးခံယူခဲ့ရတယ်လို့ ဆိုပါတယ်။ ရုရှားထောက်လှမ်းရေးအဖွဲ့အစည်းသုံးခုရဲ့ အကြီးအကဲများကသာ Novichok အာရုံကြောအဆိပ် အသုံးပြုရန် အမိန့်ပေးညွှန်ကြားနိုင်ကြောင်းနဲ့ ၎င်းတို့အားလုံးဟာ ပူတင်ရဲ့လက်အောက်မှာ အလုပ်လုပ်နေကြသူတွေလို့ Der Spiegel မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ Navalny က ပြောခဲ့ပါတယ်။
ခင်ဗျား နာကျင်မှုကို မခံစားရဘူး၊ ဒါပေမဲ့ ခင်ဗျား သေတော့မလိုဖြစ်နေတာကို သိတယ်၊ ချင်ချင်းပဲပေါ့
Navalny ကို အဆိပ်ခတ်ရာမှာ အသုံးပြုခဲ့တဲ့ အာရုံကြောအဆိပ်ကို အဆိပ်ခတ်မခံရမီ တည်းခိုနေထိုင်ခဲ့တဲ့ ဟိုတယ်အခန်းတွင်းရှိ ရေသန့်ဘူးတစ်ဘူးပေါ်မှာ တွေ့ရှိခဲ့ရကြောင်း ၎င်းရဲ့အဖွဲ့က ဆိုပါတယ်။ Navalny ဟာ သမ္မတပူတင်ကို အပြင်းထန်ဆုံး ဝေဖန်သူတစ်ဦးဖြစ်ပြီး ရုရှားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒမဲပေးပွဲ ကျင်းပပြုလုပ်မှုကို အာဏာသိမ်းမှုနဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုအဖြစ် ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။
(ရုရှားသမ္မတပူတင်) (Photo: AP)
၎င်းဟာ အဆိပ်မိသွားခဲ့ပြီးနောက် စောလျင်စွာ ဆေးကုသမှုရရှိခဲ့တာကြောင့် ကံကောင်းစွာဖြင့် အသက်ရှင်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ထိုသို့မဟုတ်ပါက သံသယဖြစ်ဖွယ် သေဆုံးမှုတစ်ခုအဖြစ်သာ အဆုံးသတ်သွားလိမ့်မယ်လို့ Navalny က ဆိုပါတယ်။ အဆိပ်မိခဲ့တဲ့ အတွေ့အကြုံကို မေးမြန်းခဲ့ရာမှာတော့ Navalny က "ခင်ဗျား နာကျင်မှုကို မခံစားရဘူး၊ ဒါပေမဲ့ ခင်ဗျား သေတော့မလိုဖြစ်နေတာကို သိတယ်၊ ချင်ချင်းပဲပေါ့" လို့ ပြောခဲ့ပါတယ်။
Novichok အာရုံကြောအဆိပ်
အာရုံကြော ထိခိုက်ပျက်စီးစေတဲ့ Novichok အဆိပ်ကို ၁၉၇၀ ပြည့်လွန်နဲ့ ၁၉၈၀ ပြည့်လွန် နှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ ရုရှားတို့က ထုတ်လုပ်ခဲ့ကြပါတယ်။ Novichok ဟာ အခြား အာရုံကြောအဆိပ်များကဲ့သို့ပင် တူညီတဲ့ သက်ရောက်များရှိပြီး အာရုံကြောများမှ ကြွက်သားများထံ ဆက်သွယ်မှုကို ဟန့်တားပြီး ခန္ဓာကိုယ်လုပ်ဆောင်မှု အများအပြား ပျက်ယွင်းမှုဖြစ်စေပါတယ်။
Novichok အဆိပ်ကို အရည်နဲ့ အစိုင်အခဲ ပုံစံနှစ်မျိုးလုံးတွေ့နိုင်ရာ ထိုအဆိပ်ဟာ အလွန်သေးငယ်တဲ့ အမှုန့်လေးများအဖြစ် ပြန့်ကျဲနေနိုင်ကြောင်း သိရပါတယ်။ Novichok ကို အခြား ဓာတုလက်နက်တွေထက် ပိုမိုအဆိပ်သင့်မှုဖြစ်စေရန် ဖန်တီးထုတ်လုပ်ထားရာ အချို့ အမျိုးအစားတွေဟာ ထိခိုက်မှုမြန်ဆန်ပြီး စက္ကန့် ၃၀ မှ ၂ မိနစ်အတွင်း အဆိပ်သင့်နိုင်ပါတယ်။
Share