မတ်လ ၁ ရက်နေ့ကနေ စက်တင်ဘာ ၁၉ ရက်နေ့အထိ COVID-19 ကူးစက်ခံရတဲ့ ဝန်ထမ်းပေါင်း ၁၉၈၁၆ ဦးအထိ ရှိခဲ့တယ်လို့ Amazon က ထုတ်ပြန်လိုက်ပါတယ်။
ကြာသာပတေးနေ့မှာ ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်ဟာ Amazon ရဲ့ ဝန်ထမ်းများအကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ COVID-19 ကူးစက်ခံရတဲ့ ဝန်ထမ်းဦးရေဟာ စုစုပေါင်း Amazon လက်အောက်ဝန်ထမ်းအားလုံးရဲ့ ၁.၄၄% ခန့် ရှိနေပါတယ်။
Photo: thehill
အမေရိကန်နိုင်ငံအဝှမ်း Amazon နဲ့ Whole Foods Market မှာ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းပေါင်း ၁၃၇၂၀၀၀ ရှိတဲ့အနက် ယခုနှစ် မတ်လ ၁ ရက်ကနေ စက်တင်ဘာ ၁၉ ရက်နေ့အတွင်း ဝန်ထမ်းပေါင်း ၁၉၈၁၆ ဦးဟာ COVID-19 ကူးစက်ခံရ ဒါမှမဟုတ် ကူးစက်ခံခဲ့ရတယ်လို့ ယူဆထားပါတယ်။ Amazon ဝန်ထမ်းများ ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ အမေရိကန်နိုင်ငံအတွင်း ယေဘူယျလူဦးရေနှုန်းထားနဲ့ ယှဉ်ရင် ခန့်မှန်းထားတာထက် ၄၂% ပိုနည်းတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ဒီကာလအတောအတွင်း John Hopkins တက္ကသိုလ်အချက်အလက်တွေနဲ့ ဖြစ်ပွားရာဒေသ ၊ အသက်ရွယ် စတဲ့ အချက်အလက်တွေကို မူတည်တွက်ချက်မှုအရ ရောဂါကူးစက်ခံရနိုင်တဲ့ ယေဘူယျလူဦးရေနှုန်းထားဟာ ၃၃၉၅၂ ဦးအထိ ရှိနိုင်မယ်လို့ Amazon က ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ပြည်နယ်အလိုက် သုံးသပ်လေ့လာကြည့်မယ်ဆိုရင် ဝန်ထမ်းများအကြား ယေဘူယျလူဦးရေအကြား ဖြစ်ပွားနှုန်းဟာ ပိုနည်းပါးနေတယ်လို့ ဆိုပါတယ်။
ဒီလို ပြည်နယ်ထဲမှာ လုပ်ငန်းခွင်အခြေအနေကြောင့် သိုလှောင်ရုံဝန်ထမ်းတွေ ဆန္ဒပြမှုတွေ ရှိခဲ့တဲ့ မင်နီဆိုးတားပြည်နယ်တော့ မပါခဲ့ပါဘူး။ မင်နီဆိုးတားပြည်နယ်အစီရင်ခံစာအရ Amazon ဝန်ထမ်း ၁၀၀၀ မှာ ရောဂါကူးစက်နိုင်ခြေ ၁၅.၈ ယောက် ခန့်မှန်းခဲ့ပြီး Amazon ကတော့ ၁၉.၁ ယောက်လို့ ခန့်မှန်းတွက်ချက်ခဲ့တာပါ။ တကယ်တမ်း ထွက်လာချိန်မှာ မင်နီဆိုးတားပြည်နယ် Amazon ဝန်ထမ်း ၁၀၀၀ မှာ ၃၁.၇ ယောက် ရောဂါ ကူးစက်ခံရတာ ဖြစ်ပါတယ်။
အခုချပြလိုက်တဲ့ ကူးစက်ခံဝန်ထမ်းအရေအတွက်ထဲမှာ Amazon နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ Third-party ယာဉ်မောင်းကွန်ရက်ထဲက လူတွေ မပါသေးပါဘူး။ Amazon အနေနဲ့ ဝန်ထမ်းများအကြား ရောဂါကူးစက်မှု ရှိမရှိ တိုးမြှင့်စစ်ဆေးဖို့လည်း လုပ်ဆောင်နေပြီး လာမယ့်နိုဝင်ဘာလအတွင်း စက်ရုံပေါင်း ၆၅၀ မှာ တစ်နေ့ လူပေါင်း ၅၀၀၀၀ အထိ ရောဂါစစ်ဆေးမှု လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
Photo: geekwire
အလုပ်သမားအဖွဲ့အစည်းတွေ ၊ နိုင်ငံရေးသမားတွေနဲ့ ဥပဒေဘက်မှ ပုဂ္ဂိုလ်တွေဘက်မှ ဝန်ထမ်းများအကြား COVID-19 ကူးစက်ခံရမှုအရေအတွက် တရားဝင်ထုတ်ပြန်ဖို့ ဖိအားပေးမှုတွေ ရှိလာပြီးနောက် Amazon အနေနဲ့ အခုလိုချပြလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ အမေရိကန်မှ Walmart ဝန်ထမ်းပေါင်း ၁.၅ သန်းခန့်ရဲ့ ၁% ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျားနာမှုတွေ ရှိခဲ့တယ်လို့ အမေရိကန်ရဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီးတစ်ခုဖြစ်တဲ့ Walmart ကပြောခဲ့ပါတယ်။
Walmart ဘက်ကတော့ ရောဂါကူးစက်ခံရတဲ့ အရေအတွက်နဲ့ ရာခိုင်နှုန်းအကြောင်း အချက်အလက်သစ်များ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။