သံဃာတော်တွေကိုသီးသန့်ကုပေးနိုင်အောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့သံဃာတော်နဲ့ သီလရှင် စုစုပေါင်း (၄၅၂) ပါး ရှိတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လကနေ အောက်တိုဘာလ (၁) ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ရဟန်း၊သာမဏေ အပါး (၄၁၀) နဲ့ သီလရှင် (၄၂) ပါးရှိတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။



“ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ရဟန်း၊သာမဏေနဲ့ သီလရှင်တွေအတွက် ဆွမ်း၊ ကွမ်း ဝေယျာဝေစ္စ လိုအပ်တာတွေ အားလုံးလုပ်ပေးနေပါတယ်။ ကူးစက်ခံရတာကတော့ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင်ရောဂါကူးစက်ခံရတဲ့သံဃာတော်တွေကို တစ်နေရာတည်းမှာ ထားရှိကုသနိုင်အောင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အဘိဓမ္မ ရတနာဃရ (၅) ထပ် ဓမ္မာရုံကြီးကို ကုတင် ၃၀၀ ဆံ့ ယာယီဆေးရုံအဖြစ် ပြင်ဆင်ထားတယ်လို့သိရပါတယ်။

ကူးစက်ခံရတဲ့ သံဃာအရေအတွက် များပြားလာတာဖြစ်တာကြောင့် ဝိနည်းတော်နဲ့ အညီ သီတင်းသုံးလို့ရနိုင်အောင် ရည်ရွယ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့ ရန်ကုန်တိုင်းအစိုးရတို့ ဦးစီးပြီး သံဃာတော်တွေကိုပဲ သီးသန့်ထားရှိကုသပေးနိုင်အောင် ပြင်ဆင်ပေးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - MCEF (သံဃာ‌တော်တွေကိုသီးသန့်ကုသပေးနိုင်အောင်ပြင်ဆင်ထားစဉ်)

“ ဓမ္မာရုံကြီးကို (၃) ရက်နဲ့ အပြီး ပြင်ဆင်တယ်။ ဆေးကုသပေးမယ့် ကျန်းမာရေးအဖွဲ့တွေလည်း ရှိတယ်။ ဓမ္မာရုံက ငါးထပ်ဆိုတော့ အောက်ဆုံးထပ်မှာ ဆရာဝန်တွေ စောင့်ကြည့်မယ့်နေရာ၊ သူနာပြုတွေ နေမယ့်နေရာ၊ပရဟိတအဖွဲ့တွေ နေမယ့်နေရာ အားလုံးပြင်ဆင်ထားပါတယ်။ အခုလည်း သံဃာတော်တွေ စထားနေပါပြီ။ မနေ့က သံဃာ (၆) ပါးစရောက်ပါတယ်။ ဒီနေ့ (၃) ပါးထပ်ရောက်တယ်။ လောလောဆယ်တော့ ဆရာတော်၊ သံဃာတော်တွေအတွက် ဦးစားပေးပြင်ဆင်ထားတာပါ။”လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးဦးအေးလင်းက Duwun ကို ပြောပါတယ်။

အဆိုပါ ဆေးရုံမှာ ကုသပေးနေရာကနေ မသက်သာတဲ့ သံဃာတော်တွေကိုတော့ အရေးပေါ်ကြပ်မတ်ကုသမှုပေးနိုင်အောင် ကမ္ဘာအေးရှိ သံဃာဆေးရုံမှာလည်း ICU/HDU အခန်းတွေ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က