ကိုဗစ်ပိုးရှိ/မရှိစစ်ဆေးတဲ့ Test Kit ပစ္စည်းကို အစိုးရဆေးရုံမှအပပြင်ပမှာ ရောင်းချခြင်းနဲ့ အသုံးပြုတာတွေ ပြုလုပ်ခွင့်မရှိဘူးလို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။
ဒါကြောင့် Test Kit ကိရိယာတွေကို အွန်လိုင်းဈေးကွက်မှာဖြစ်စေ၊ ပြင်ပပုဂ္ဂလိကဆေးရုံ နဲ့ ဆေးခန်းတွေမှာဖြစ်စေ ရောင်းဝယ် ဖောက်ကားမယ်ဆိုရင်ဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။"အခုဟာက သွေးကို စစ်တာမဟုတ်ဘူး။နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်ကိုရယူပြီးတော့ ဆေးရည်နဲ့ရောစပ်စစ်တာပါ၊ တခြားသွေးလွန်တုပ်ကွေးစစ်သလို လွယ်လွယ်ကူကူပဲစစ်နိုင်တဲ့အခြေအနေပါ။Test Kit စစ်ဆေးတာနဲ့ အရင်နည်းနဲ့ ကိုက်ညီပါတယ်။ ရလဒ်ကိုက်ညီမှုက ပိုးရှိရင် ရှိမှု ၊မရှိရင် မရှိဘူး ၁၀၀ ရာခိုင်နှုန်း ကိုက်ညီတယ်။ ဒါပေမယ့် တရားမဝင်ရောင်းဝယ်ဖောက်ကားတာ၊သုံးစွဲတာ ခွင့်မပြုပါဘူး၊အရေးယူခံရမှာဖြစ်ပါတယ်။"လို့ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။
လက်ရှိမှာတော့ Test Kit တွေကို ရန်ကုန်ကဆေးရုံကြီး ၉ခုဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီး မြောက်ဥက္ကလာဆေးရုံကြီး ၊အင်းစိန်ဆေးရုံကြီး ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီးနဲ့ သန်လျင်ဆေးရုံ တွေမှာ ဖြန့်ဝေထားပါတယ်။ Test Kit ဖြင့်စစ်ဆေးခြင်းကို ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများကို စစ်ဆေးမှာဖြစ်ပြီး ၊ ဒုတိယအနေနဲ့ PUI စောင့်ကြည့်လူနာတွေကို စစ်ဆေးမှာဖြစ်ပါတယ်။ တတိယအနေနဲ့ အရေးပေါ်ခွဲစိတ်ရမယ့်လူနာတွေကို စစ်ဆေးပြီး စတုတ္ထအနေနဲ့ ပိုးရှိလူနာနဲ့ ထိတွေ့မှုရှိတဲ့ Primary Contact တွေကို စစ်ဆေးမှု ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ Test Kit စစ်ဆေးမှုဟာ အချိန် ၁၅ မိနစ်ကနေ မိနစ် ၃၀ အတွင်းမှာ ကိုဗစ်ပိုးရှိမရှိ ကိုသိရှိနိုင်တာဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။