(၂၂၂)ဦး ထပ်မံပြီး ဆေးရုံကဆင်းခွင့်ရရှိ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အရ (၂၄)နာရီအတွင်း ကိုဗစ်လူနာသစ် (၁၁၄၂)ဦး စံချိန်တင်တွေ့ရှိခဲ့ပါတယ်။ 

လူနာသစ်(၁၁၄၂)ဦးတိုးခဲ့သလို သေဆုံးလူနာလည်း (၃၂)ဦးတိုးခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဓာတ်ခွဲနမူနာပေါင်း (၆၈၉၅)ဦးကို စစ်ဆေးခဲ့ရမှာ (၁၁၄၂)ဦးမှာပိုးတွေ့ရှိခဲ့တာဖြစ်ပြီး လူနာတွေရဲ့ အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။



ယနေ့ညတွေ့ရှိတဲ့ပိုးတွေ့လူနာဦးရေက နိုင်ငံတွင်း မတ်လ (၂၃)ရက်နေ့ကစတင်တွေ့ရှိခဲ့တဲ့ကိုဗစ်ရောဂါကူးစက်မှု ကာလအတွင်းမှာတော့လူနာတွေ့ရှိမှုအများဆုံးနဲ့ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ည ထုတ်ပြန်ချက်မှာတော့ စံချိန်တင်ပိုးတွေ့လူနာစာရင်းနဲ့ သေဆုံးသူတွေတိုးခဲ့သလို ဆေးရုံက ဆင်းခွင့်ရရှိသူလည်း (၂၂၂)ဦးရှိခဲ့ပါတယ်။

ကိုဗစ် (၁၉)ရောဂါပိုးရှိ၊ မရှိ အမြန်ဆုံးသိရှိနိုင်အောင် စစ်ဆေးနိုင်တဲ့ Antigen Test Kit တွေကို ကိုရီးယားနိုင်ငံကနေမှာယူရောက်ရှိလာတဲ့ စက်တင်ဘာလ (၂၉)ရက်နေ့က စလို့ ဓာတ်ခွဲနမူနာတွေကို ပိုမိုစစ်ဆေးနိုင်ခဲ့ သလို ရောဂါပိုးတွေ့လူနာတွေလည်း များလာတာဖြစ်ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ကလည်း ပိုးတွေ့လူနာသစ်တွေပိုများလာနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ရန်ကုန်တိုင်းအတွင်းမှာလည်း လူနာတွေထားရှိနိုင်ဖို့အတွက် နေရာတွေလည်း ကြိုတင်ပြင်ဆင်နေလျှက်ရှိပါတယ်။ ယနေ့ည ထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်လူနာ (၁၅၅၂၅)ဦးရှိကာ သေဆုံးလူနာ (၃၅၃)ဦးနဲ့ ရောဂါပျောက်ကင်းသူ (၄၃၇၈)ဦးရှိပါတယ်။ ပိုးတွေ့လူနာ (၁၅၅၂၅)ဦးမှာတော့ ရန်ကုန်က (၁၀၈၉၃)ဦးထိပါဝင်နေပြီး ဒီည ထပ်တိုးလူနာ (၁၁၄၂)ဦးရဲ့ နေရပ်လိပ်စာတွေကိုတော့ မသိရှိရသေးပါဘူး။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က