ရွေးကောက်ပွဲကျင်းပရန် တစ်လမျှသာလိုတော့ပြီး သမ္မတထရန့် အလုပ်များပြားနေချိန်မှ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။

အမေရိကန်မှာ ရွေးကောက်ပွဲကျင်းပရန် တစ်လမျှသာလိုတော့ပြီး သမ္မတဒေါ်နယ်ထရန့် အလုပ်များပြားနေချိန်မှာ ၎င်းတို့ဇနီးမောင်နှံ COVID-19 ကူးစက်ခံခဲ့ရပါတယ်။

COVID-19 ကူးစက်ခံရကြောင်း ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ စစ်ဆေးမှုအဖြေထွက်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတထရန့်က ယနေ့ (အောက်တိုဘာ ၂ ရက်) အစောပိုင်းမှာ ၎င်းနဲ့ သမ္မတကတော မီလန်နီယာထရန့်တို့မှာ COVID-19 ကူးစက်ခံထားရတယ်လို့ Twitter မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။ COVID-19 ကူးစက်ခံရကြောင်း သိရှိခဲ့ရတဲ့ ရက်သတ္တပတ်အတွင်း အမေရိကန်သမ္မတထရန့်ရဲ့ နေ့စဥ် သွားလာလှုပ်ရှားမှုတွေကို AP သတင်းဌာနက ကောက်နုတ်ဖော်ပြထားပါတယ်။



တနင်္လာနေ့ (စက်တင်ဘာ ၂၈)

- ထရန့်က Lordstown Motors ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ထရပ်ကားတစ်စီးကို အိမ်ဖြူတော်တောင်ဘက်မြက်ခင်းမှာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ထိုအခမ်းအနားကို ကွန်ဂရက်လွှတ်တော်အမတ်နှစ်ဦးနဲ့ အိုဟိုင်းအိုအခြေစိုက် Lordstown မှ ကိုယ်စားလှယ်သုံးဦးလည်း တက်ရောက်ခဲ့ကြပါတယ်။

- Rose Garden မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး သန်းနဲ့ချီတဲ့ COVID-19 စစ်ဆေးကိရိယာတွေကို ပြည်နယ်များသို့ ဖြန့်ဝေမယ့်အကြောင်း သမ္မတထရန့်က ကြေညာပါတယ်။ ထိုသတင်းစာရှင်းလင်းပွဲကို ဒုတိယသမ္မတမိုက်ပင့်စ် အပါအဝင် အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ ကွန်ဂရက်လွှတ်တော်အမတ်များနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

အင်္ဂါနေ့ (စက်တင်ဘာ ၂၉)

- ထရန့်က အိုဟိုင်းအိုပြည်နယ် Cleveland မြို့မှာ ပြုလုပ်တဲ့ ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်နဲ့ မိနစ် ၉၀ ကြာ စကားစစ်ထိုးကို သွားရောက်ခဲ့ပါတယ်။ ထရန့်နဲ့ ဘိုင်ဒန်တို့ နှစ်ဦးလုံးဟာ စကားစစ်ထိုးပွဲမတိုင်မီ COVID-19 စစ်ဆေးခဲ့ကြပြီး အခမ်းအနားမှာလည်း တစ်ဦးနဲ့တစ်ဦး ကူးစက်မှုကာကွယ်ရေး လုံလောက်တဲ့ အကွာအ‌‌ဝေးမှာ ရှိနေခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးလုံးက စကားစစ်ထိုးပွဲပြုလုပ်စဥ်အတွင်း mask မတပ်ထားကြပါဘူး။

- ထရန့်ရဲ့ အနီးကပ်လက်ထောက် အမျိုးသမီး Hope Hicks ဟာ သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲအတွက် အိုဟိုင်းအိုခရီးစဥ်ကို Air Force One လေယာဥ်မှာ အတူလိုက်ပါခဲ့ပါတယ်။ ထိုခရီးစဥ်ကို ထရန့်ရဲ့ မိသားစုဝင်တွေလည်း အတူလိုက်ပါခဲ့ကြပါတယ်။ စကားစစ်ထိုးပွဲအတွင်း သမ္မတထရန့်ရဲ့ အရွယ်ရောက်ပြီး သားသမီးတွေနဲ့ အကြီးတန်အရာရှိတွေက mask တပ်ထားခဲ့ခြင်း မရှိကြပါဘူး။

ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၃၀)

- မင်နီယာပိုလစ်မြို့မှာ ကျင်းပပြုလုပ်တဲ့ ရန်ပုံငွေအခမ်းအနားနဲ့ Duluth မြို့မှာ ၎င်းကိုထောက်ခံတဲ့ စုရုံးချီတက်ပွဲအတွက် သမ္မတထရန်က သမ္မတထရန့်က မင်နီဆိုးတားပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

- မင်နီဆိုးတားပြည်နယ် ခရီးစဥ်မှာ ထရန့်ရဲ့ အနီးကပ်လက်ထောက် Hope Hicks လည်း ၎င်းနဲ့အတူ လိုက်ပါခဲ့ပါတယ်။ သူမဟာ ထိုခရီးစဥ်မှ ပြန်လာပြီးနောက် နေမကောင်းဖြစ်လာပြီး Air Force One လေယာဥ်ပေါ်မှာ သီးခြားခွဲနေထိုင်ခဲ့ပါတယ်။

ကြာသပတေးနေ့ (အောက်တိုဘာ ၁)

- ထရန့်ရဲ့ အနီးကပ်လက်ထောက် အမျိုးသမီး Hope Hicks ထံမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

- သမ္မတထရန့်က နယူးဂျာစီပြည်နယ်ရှိ ၎င်းရဲ့ Bedminster အပန်းဖြေစခန်းကို ရန်ပုံငွေအခမ်းအနားအတွက် သွားရောက်ခဲ့ပါတယ်။ Hope Hicks နဲ့ အနီးကပ် ထိတွေ့မှုရှိခဲ့တဲ့ ထရန့်ရဲ့ လက်ထောက်အများအပြားက ထရန့်နဲ့အတူ ထိုခရီးစဥ်မှာ လိုက်ပါမယ့်အစီအစဥ်ကို ဖျက်သိမ်းခဲ့ပါတယ်။

- သမ္မတထရန့်က ၎င်းနဲ့ သမ္မတကတော်တို့ဟာ COVID-19 စစ်ဆေးထားကြကြောင်း Fox News သတင်းဌာနဲ့ ညနေခင်းအင်တာဗျူး အစီအစဥ်မှာ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၎င်းတို့ဟာ ကွာရန်တင်းဝင်မယ်လို့ ထရန့်က Twitter မှာ ရေးသားခဲ့ပါတယ်။

သောကြာနေ့ (အောက်တိုဘာ ၂)

- မနက် ၁ နာရီခန့်မှာ သမ္မတထရန့်က ၎င်းနဲ့ သမ္မတကတော်တို့ထံမှာ COVID-19 တွေ့ရှိရကြောင်းနဲ့ ကွာရန်တင်းဝင်ရောက်မှုနဲ့ ပြန်လည်သက်သာရန် ကုသမှုတို့ကို ချက်ချင်း စတင်သွားမယ်လို့ ပြောခဲ့ပါတယ်။

- သမ္မတထရန့်ရဲ့ ဆရာဝန် ဒေါက်တာ Sean Conley က သမ္မတနဲ့ သမ္မတကတော်တို့ နှစ်ဦးလုံးဟာ ယခုအချိန်မှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနဲ့ ၎င်းတို့ရဲ့ နာလန်ထကာလမှာ အိမ်ဖြူတော်အတွင်း နေအိမ်မှာ ဆက်လက်နေထိုင်ရန် စီစဥ်ထားကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က