၂၀၂၀ရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးလို့ရတဲ့ ပထမဆုံးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၂ရက်နေ့က ကိုရီးယားနိုင်ငံရဲ့ ကောက်သစ်စားပွဲ(ချူဆော့ဂ်)ပိတ်ရက်နဲ့တိုက်ဆိုင်ပြီး မြန်မာနိုင်ငံသား ၃၀၀၀ ကျော်် မဲပေးဖို့ လာရောက်ခဲ့ကြရာ လူများပြားလွန်းတဲ့အတွက် အဆင်မပြေမှုများဖြစ်ပေါ််ခဲ့ပြီး မဲမပေးခဲ့ရသူတွေအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ဇော်မိုးအောင် (ဆိုးလ်မြို့ မြန်မာသံရုံးအနီး မဲပေးရန် စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသားများ)
ကြာသပတေးကနေ တနင်္ဂနွေနေ့အထိ ပိတ်ရက်ရှည်ပြီးတဲ့နောက် ကြားရက်မှာ မဲလာပေးဖို့အတွက်လည်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့ အခက်အခဲရှိနေနိုင်တယ်လို့ ဆိုပါတယ်။
" ကျွန်တော်တို့ ဒီရက်မှာက ကိုရီးယားနိုင်ငံမှာ ကောက်သစ်စားပွဲတော်ပေါ့နော် ကြာသပတေးနေ့ကပိတ်တာ တနင်္ဂနွေနေ့အထိ ပိတ်တယ်ပေါ့နော် ။ တနင်္ဂနွေကျော်သွားရင်တော့ တနင်္ဂနွေနေ့ တုံကင်ရတဲ့သူက ကိစ္စမရှိပေမယ့် တနင်္ဂနွေကျော်သွားတဲ့ နောက်ရက်တွေ ကြားရက်မှာ မဲလာပေးရမယ့်သူတွေက စက်ရုံကနေ ခွင့်တိုင်လို့ ရတဲ့သူဆိုရင်တော့ ပြဿနာမရှိဘူး။ လေးငါးရက်ပိတ်ထားပြီးတာဖြစ်လို့ ခွင့်မပေးဘူးဆိုရင်တော့ အဲဒီမဲတွေက ကျွန်တော်ထင်တယ်ဗျ မဲပေးပိုင်ခွင့်ဆုံးရှုံးသွားနိုင်တယ် " လို့ တောင်ကိုရီးယားရောက် မြန်မာတစ်ဦးဖြစ်တဲ့ ကိုဇော်မိုးအောင်က Duwun ကို ပြောပါတယ် ။
လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ ကိုဗစ်၁၉စည်းကမ်းအရ လူ(၁၀၀)အထက်စုဝေးမှုကို တားမြစ်ထားသလို ဒီနေ့ မြန်မာနိုင်ငံသားတွေ သံရုံးအနီးစုဝေးမှုဖြစ်ပေါ်ခဲ့တဲ့အတွက် အနီးဝန်းကျင်က တိုင်တန်းခဲ့တဲ့အတွက် ရဲတွေ ရောက်ရှိလာရတယ်လို့ တောင်ကိုရီးယားရောက် မြန်မာလူမျိုး ကိုစိုးမိုးသူက Duwun ကို ပြောပါတယ် ။
" ဒီလိုသံရုံးရှေ့မှာ ပြုံမနေအောင် တိုင်းဒေသကြီးအလိုက် သူ့ရက်နဲ့သူ့အချိန်နဲ့ သတ်မှတ်ပြီး ဘိုကင်တင်တဲ့စနစ်ပေါ့ဗျာ ။ စင်ကာပူက လုပ်သလိုပေါ့ဗျာ အဲဒီလိုလုပ်ပေးပါ ။ အခုဆို ပြည်သူတွေက တိုင်တာဗျ ။ သံရုံးရှေ့မှာ မြန်မာတွေအများကြီးတန်းစီနေကြတော့ ရဲခေါ်တော့ ရဲရောက်လာရတယ်လေ။ ဒီလိုမျိုးတွေ မဖြစ်ရအောင် ကြိုတင်ဘိုကင်တင်တဲ့စနစ်လုပ်ပါလို့ ကျွန်တော်အကြံပြုခဲ့တာ ရှိပါတယ် ။ ဒါကို သံရုံးဘက်က တာဝန်ရှိသူက အဲဒီလိုဆိုရင် သူတို့ရဲ့ လွတ်လပ်စွာမဲပေးတဲ့ အချိန် ၊ နေ့ရက်ကို သံရုံးဘက်က by force နဲ့ (အတင်းအကျပ်) လုပ်သလိုဖြစ်မှာပေါ့ဆိုပြီး လက်ရှိအခြေအနေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အဖြေမျိုးပြန်ဖြေတော့ ပြောရတာ ခက်တာပေါ့ဗျာ " လို့ ကိုစိုးမိုးသူက Duwun ကို ပြောပါတယ် ။
ဒီလို လာရောက်မဲပေးသူ အလွန်များတဲ့အတွက် မြန်မာသံရုံး(ဆိုလ်းမြို့)ကနေ မနက်ဖြန် အောက်တိုဘာလ ၃ရက်က စတင်ပြီး တစ်ရက်လျှင် လူ(၈၀၀)ကိုပဲ လက်ခံမဲပေးခွင့်ပြုမှာဖြစ်ပြီး မဲပေးဖို့အတွက် အမှတ်စဉ်တွေကို တစ်ရက်ကြိုတင်ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ် ။
ဓာတ်ပုံ-ဇော်မိုးအောင် (ဆိုးလ်မြို့ မြန်မာသံရုံးအနီး မဲပေးရန် စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသားများ)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင် (၉၈၁၀)ဦး အနေနဲ့ အောက်တိုဘာလ (၂ ၊ ၃၊ ၄၊ ၅ ၊ ၉၊ ၁၀ ၊ ၁၁ ၊ ၁၂ ) ရက်တွေမှာ ဆိုလ်းမြို့ မြန်မာသံရုံးမှာ မနက် ၉နာရီခွဲ မှ ညနေ ၅နာရီခွဲအတွင်း မဲပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မဲပေးဖို့လျှောက်ထားသူ တစ်သောင်းကျော်ရှိခဲ့ပြီး ၉၈၀၀ကျော်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးခဲ့ပါတယ်။