ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာတွေနဲ့ ကွာရန်တင်းစင်တာမှာ ရောက်ရှိနေသူတွေ ကြိုတင်မဲပေးနိုင်ရန် နဲ့ မဲပေးတဲ့အခါ အထူးဆောင်ရွက်ရမယ့် ကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့အတွက် လူနာထားရှိတဲ့ Isolation Room နဲ့ ICU ခန်းတွေမှာပဲ ဆောင်ရွက်ရမှာဖြစ်ပြီး မဲပေးဖို့ဆောင်ရွက်ပေးမယ့် ဝန်ထမ်းနဲ့ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ Full PPE ကို စနစ်တကျဝတ်ဆင်ရမှာဖြစ်ပါတယ် ။
ဒါ့အပြင် အတည်ပြုလူနာတွေအနေနဲ့ N95 Mask နဲ့ Glove တွေဝတ်ဆင်ထားရမှာဖြစ်ပြီး မဲမပေးမီ လက်သန့်စင်ဆေးရည်နဲ့ စနစ်တကျဆေးကြောပြီးမှ သတ်မှတ်ထားတဲ့ တစ်ခါသုံး ဘောပင် (သို့မဟုတ်) တံဆိပ်တုံးနဲ့ မဲပေးရမှာဖြစ်ပါတယ်။
ဓာတ်ပုံ-သားကြီး(Covid-19 ရောဂါကုသရေးဌာန ဧရာဝတီစင်တာ တည်ဆောက်နေစဉ်)
ဝန်ထမ်းတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကြိုတင်မဲထည့်ထားတဲ့ စာအိတ်ကို Isolation Room နဲ့ ICU ခန်းက ထွက်ထွက်ခြင်းပိုးသတ်ခြင်းဆောင်ရွက်ရမှာဖြစ်ပြီး လုပ်ငန်းအားလုံးပြီးဆုံးတဲ့အခါ Full PPE ကို စနစ်တကျချွတ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ဆောင်ရမှာဖြစ်သလို ကြိုတင်မဲပေးလုပ်ငန်းဆောင်ရွက်ခဲ့သူတွေအားလုံး ၂၁ရက်အတွင်း အဖျားရောဂါ နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ရှိ/မရှိကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ကွာရန်တင်းစင်တာများတွင် ကြိုတင်မဲပေးမှုအနေနဲ့ စင်တာရှိ လေဝင်လေထွက်ကောင်းမွန်ပြီး နေရာကျယ်တဲ့အခန်းတွေမှာ အစီအစဉ်ပြုလုပ်ပြီး တစ်ဦးချင်း သိုံမဟုတ် တစ်ဦးနှင့်တစ်ဦး (၆)ပေခြားရမှာဖြစ်ပါတယ်။ကြိုတင်မဲပေးမှုကို စောင့်ကြည့်သူတွေရှိပါကလည်း ထိုင်ခုံနေရာတွေကို ၆ပေခြား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒါ့အပြင် ဆန္ဒမဲပေးမှု စတင်ဆောင်ရွက်မယ့် နေရာအပါအဝင် လုပ်ငန်းဆောင်ရွက်တဲ့ စားပွဲနဲ့ မဲပေးတဲ့နေရာတိုင်းမှာ လက်သန့်ဆေးရည်များ ထားရှိရမှာဖြစ်ပါတယ် ။
မဲရုံနဲ့မဲရုံသုံး ပစ္စည်းတွေကို မဲမပေးမီ တစ်နေ့ နဲ့ ကြိုတင်မဲပေးလုပ်ငန်းပြီးဆုံးပါက ပိုးသတ်သန့်စင်ခြင်း လုပ်ဆောင်ဖို့ စီစဉ်ထားရမှာဖြစ်ပြီး ကြိုတင်မဲပေးရာမှာ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ သီးသန့်တာဝန်ယူဆောင်ရွက်ရန်အတွက်လည်း သင့်တော်တဲ့သူတစ်ဦးကို တာဝန်ချထားရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉အတည်ပြုလူနာ ၁၅,၅၂၅ဦးရှိပြီး အောက်တိုဘာ ၂ရက်နေ့ညထုတ်ပြန်ချက်အရ ဆေးရုံတက်ကုသမှုခံယူနေရသူဦးရေက ၁၀,၇၉၄ဦးရှိနေပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ကွာရန်တင်းစင်တာတွေမှာ အသွားအလာစောင့်ကြည့်ကန့်သတ်ထားသူ သောင်းဂဏန်းခန့်ရှိတယ်လို့လည်း စစ်တမ်းတွေအရ သိရပါတယ်။