အောက်တိုဘာလထဲ မိတ်ဆက်သွားဖို့ ရှိတဲ့ iPhone 12 ဖုန်းသစ်တွေကို ဒေါ်လာ ၆၄၀ ဈေးကနေ စတင်ရောင်းချသွားမယ်လို့ သတင်းထွက်နေပါတယ်။
iPhone 12 lineup ဟာ Apple သမိုင်းမှာ ပထမဆုံး မော်ဒယ်လေးမျိုးနဲ့ ထွက်လာမယ့် စီးရီးဖြစ်ဖို့ ရှိပါတယ်။ လက်ရှိ ကြားထားရတဲ့ နာမည်တွေအရ iPhone သစ်တွေဟာ iPhone 12 mini ၊ iPhone 12 ၊ iPhone 12 Pro နဲ့ iPhone 12 Pro Max နာမည်တွေနဲ့ ထွက်လာဖို့ ရှိပါတယ်။
Photo: Gizmochina
iPhone 12 mini နဲ့ iPhone 12 တို့ ဟာ 64GB storage ၊ 128GB နဲ့ 256GB မော်ဒယ်တွေနဲ့ ထုတ်သွားမှာ ဖြစ်ပြီး ပိုပြီး higher-end ကျတဲ့ Pro နဲ့ Pro Max မော်ဒယ်တို့ကတော့ 128GB ကနေ စတင်ပြီး 512GB မော်ဒယ်အထိ ထွက်ရှိမယ်လို့ ဆိုပါတယ်။ ဈေးအနည်းဆုံး iPhone 12 mini ဟာ ၆၄၉ ဒေါ်လာ (မြန်မာငွေ ၈ သိန်းခွဲခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။
iPhone 12 mini ရဲ့ 128GB နဲ့ 256GB တို့ကို ၆၉၉ ဒေါ်လာနဲ့ ၇၉၉ ဒေါ်လာဈေး သတ်မှတ်သွားဖို့ ရှိပါတယ်။ iPhone 12 မော်ဒယ်ဟာ ၇၄၉ ဒေါ်လာ ဈေးကနေ စတင်သွားမှာ ဖြစ်ပြီး အမြင့်ဆုံးမော်ဒယ်ဟာ ၈၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ iPhone 12 Pro ဟာ ၉၉၉ ဒေါ်လာဈေးကနေ စတင်သွားမှာ ဖြစ်ပြီး ၁၂၉၉ ဒေါ်လာအထိ ရှိမှာပါ။
Photo: GSMArena
အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ iPhone 12 Pro Max ဟာ ၁၀၉၉ ဒေါ်လာ ဈေးကနေ ၁၃၉၉ ဒေါ်လာဈေးအထိ ကျသင့်မှာ ဖြစ်ပြီး Screen size အနေနဲ့ ၆.၇ လက်မနဲ့အကြီးဆုံးမော်ဒယ်အဖြစ် မြင်ရဖို့ ရှိပါတယ်။ iPhone မော်ဒယ်သစ် ၄ မျိုးဟာ အရွယ်အစား ၃ မျိုးနဲ့ လာပြီး mini မော်ဒယ်ဟာ ၅.၄ လက်မ compact size သုံးသွားဖို့ ရှိပါတယ်။
iPhone သစ် လေးမျိုးစလုံးဟာ OLED panel နဲ့လာပြီး အများမျှော်လင့်နေတဲ့ 120Hz refresh rate ပါဖို့ မရှိဘူးလို့ ဆိုပါတယ်။ Pro မော်ဒယ်မှာ 5G ကွန်ရက်နဲ့ LiDAR Scanner တို့လည်း သုံးလာဖို့ ရှိပါတယ်။