ရန်ကုန်တိုင်းအတွင်းကိုဗစ်လူနာတွေ့ရှိမှု အများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ အောက်တိုဘာလ(၃)ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးသူ (၇)ဦးရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ အင်းစိန်က ကိုဗစ်လူနာ (၈၃၃)ဦးမှာ ရောဂါပြန်လည်ပျောက်ကင်းသူက (၉၃)ဦးရှိကာ သေဆုံးသူက (၇)ဦးရှိတယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။
“သေဆုံးသူ(၇)ဦးမှာ အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၆)ဦးပါ။ အင်းစိန်က ကိုဗစ် ပထမလှိုင်းမှာရော၊ အခု ဒုတိယလှိုင်းမှာပါ တစ်နိုင်ငံလုံး ကိုဗစ်လူနာအများဆုံးမြို့နယ်ပါ။ ပထမလှိုင်းမှာတုန်းကတော့ သေဆုံးသူမရှိခဲ့ဘူး။ ခုသေဆုံးလူနာ (၇)ဦးလုံးက ဒုတိယလှိုင်းမှာတွေ့ရှိတဲ့ လူနာတွေချည်းပဲ”လို့ ဦးဝေဖြိုးဟန်က Duwun ကို ပြောပါတယ်။
ကိုဗစ်ဒုတိယလှိုင်းမှာက ကူးစက်မှု မြန်ဆန်ပြီး တစ်အိမ်မှာ တစ်ယောက်တွေ့တာနဲ့ မိသားစုလိုက်ကူးစက်ခံရတာတွေရှိတာကြောင့် လူနာအရေအတွက်များလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိအင်းစိန်မြို့နယ်အတွင်းက positiveလူနာများနဲ့ ထိတွေ့ထားသူတွေနဲ့ အနံ့ပျောက်သူများကို ကွာရန်တင်းစင်တာများဖွင့်လှစ်ကာ စောင့်ရှောက်မှုပေးလျှက်ရှိနေပါတယ်။
ကွာရန်တင်း စင်တာ (၅)ခုမှာ လူဦးရေ (၁၀၀၀)ထိ လက်ခံထားရှိနိုင်တယ်လို့လည်း သိရပါတယ်။ (၅)ခုမြောက်ဖြစ်တဲ့ အင်းစိန် အထက(၃)က ကွာရန်တင်းစင်တာကိုတော့ ယနေ့ညနေပိုင်းကစပြီးအသုံးပြုသွားတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။