screen မှန်အက်/မှန်ကွဲတွေကို အလိုအလို ပြန်ကောင်းအောင် ကုစားနိုင်မယ့် self-healing display ကာဗာနည်းပညာကို Foldable iPhone မှာ သုံးနိုင်ဖို့ Apple ဟာ မျှော်လင့်ထားပါတယ်။
Apple ဟာ Foldable ထုတ်ကုန်တွေမှာ သုံးနိုင်မယ့် Self-healing display နည်းပညာ မူပိုင်ခွင့်တစ်ခုကို တင်ထားတယ်လို့ ဆိုပါတယ်။ ဒီမူပိုင်ခွင့်ကို ဇန်နဝါရီလထဲမှာ တင်ခဲ့တာ ဖြစ်တယ်လို့လည်း Patently Apple က စပြီး ဖော်ပြထားတာပါ။
Photo: patentlyapple
မူပိုင်ခွင့်လျှောက်လွှာမှာ ဖော်ပြချက်အရ "ကွေးညွှတ်နိုင်အောင် ထုတ်ထားတဲ့ အီလက်ထရွန်းနစ်ထုတ်ကုန်တစ်ခု မှာ ထိခိုက်မှုမရှိဘဲ ကွေးလို့လွယ်စေဖို့ display ဟာ ခေါက်ကွေးနိုင်တဲ့ အပိုင်းနဲ့အတူ display ကာဗာအလွှာတစ်ခု ပါနိုင်ပါတယ်" လို့ ပါရှိပါတယ်။ အီလက်ထရွန်းနစ်ထုတ်ကုန်ရဲ့ ဒီဇိုင်းအဆင်အပြင်ကို ပိုကောင်းစေဖို့ screen ပေါ်က အစင်းခြစ်ရာတွေနဲ့ ချိုင့်ရာတွေ မဖြစ်အောင် လျှော့ချပေးသွားမယ်လို့ ဆိုပါတယ်။
Screen အစင်းခြစ်ရာနဲ့ ချိုင့်ရာတွေ အဖြစ်နည်းငယ်စေဖို့ display ကာဗာအလွှာမှာ အလိုအလျောက်ကောင်းအောင် ပြုပြင်ပေးနိုင်တဲ့ အီလက်စတိုမာအလွှာတစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။ ဖုန်း display ကာဗာအလွှာဟာ Apple ရဲ့ Special Coating ကို သုံးထားတာကြောင့် မှန်ကွဲတာ ၊ အစင်းခြစ်ရာနဲ့ ချိုင့်ထင်တာတွေ ဖြစ်လာတာနဲ့ Coating ထဲမှာ ထည့်ထားတဲ့ အရာတစ်ခုကနေ ကွဲအက်သွားတဲ့ နေရာကို သူ့ဘာသာ ပြန်ဖြည့်ပေးသွားမှာပါ။
Self-Healing ဖြစ်စဉ်ကို အပူ ၊ အလင်းနဲ့ လျှပ်စီးသုံးချိန်မှာ အလုပ်လုပ်မယ်လို့လည်း ဆိုပါတယ်။ Apple အနေနဲ့ Self-Healing display ပါ ခေါက်သိမ်းနိုင်စမတ်ဖုန်း မိတ်ဆက်မယ်လို့တော့ မကြားရသေးပေမယ့် အခုလက်ရှိ နည်းပညာမူပိုင်ခွင့်အရဆို တစ်ချိန်မှာ ဒီလိုထုတ်ကုန်တွေ မြင်ရဖို့ ရှိနိုင်ပါတယ်။