ဂျပန်နိုင်ငံကိုရောက်ရှိနေပြီး ၂၀၂၀ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရမယ့် မြန်မာနိုင်ငံသားတွေထဲက ပုံစံ(၁၅)နဲ့လျှောက်ထားခဲ့ကာ မဲပေးဖို့ နာမည်စာရင်းပါမလာသူတွေအတွက် ဒီနှစ်ပတ်အတွင်း မဲပေးခွင့်ရဖို့ သံရုံးကတစ်ဆင့် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုသွားမယ်လို့ We Love Myanmar (Japan)အဖွဲ့ခေါင်းဆောင်က Duwun ကိုပြောပါတယ်။
၂၀၂၀ရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံကနေ ကြိုတင်မဲပေးဖို့ ပုံစံ(၁၅)နဲ့တောင်းဆိုသူ (၈၉၀၀)ကျော်ရှိခဲ့ပေမယ့် (၈၂၀၀)ဝန်းကျင်ကိုပဲ ပြည်ပရောက်မဲဆန္ဒရှင်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ-We Love Myanmar (Japan) အဖွဲ့သားများ
" ၈၂၀၀ ဝန်းကျင်ပဲ မဲပေးခွင့်ရတယ်။လျှောက်တာက ၈၉၇၈ယောက်လား မသိဘူး ။ အားလုံးပေါင်း အဲဒီဝန်းကျင်ပဲ ။ ဒီတော့ မဲဆန္ဒရှင် ၇၀၀လောက် ဆုံးရှုံးနစ်နာမှုမျိုးတွေ့နေရတယ်။ပုံစံ(၁၅)လက်ခံရရှိကြောင်းလည်း သံရုံးက ထုတ်ပြန်ကြေညာထားတယ်။ဒီလူတွေက ပြည်တွင်းမှာလည်း မဲစာရင်းစစ်ရမယ်ဆိုတဲ့စည်းကမ်းကြောင့် မဲစာရင်းမပါတဲ့ တစ်ချို့ဆို ပုံစံ(၃)ကို ခက်ခက်ခဲခဲတင်ခဲ့ရတယ်။ တင်ပြီးတော့ ပြည်တွင်းမှာ နာမည်လည်းပါတယ်။ပြည်ပကလည်း ပုံစံ၁၅ လျှောက်ထားပေမယ့် မဲပေးခွင့်ကြေညာတဲ့အခါ နာမည်မပါဘူး အတော်များများကျန်ခဲ့တယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ရွေးကောက်ပွဲကို တာဝန်ခံ တာဝန်ယူကျင်းပနေတာဖြစ်တဲ့အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ၊ နိုင်ငံတကာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေ မဲပေးပိုင်ခွင့်ဆုံးရှုံးနေတဲ့အခွင့်အရေးတွေကို အမြန်ဆုံးအကောင်ထည်ဖောင်ဆောင်ရွက်ပေးဖို့ we love myanmar(japan)အနေနဲ့ရော ကာယကံရှင်တွေကိုယ်စားရောပေါ့ ။ ကာယကံရှင်တွေဆီက record တွေလက်ခံယူထားတဲ့အတွက်ကြောင့် ဒါတွေကို print ထုတ်ပြီး သံအမတ်ကြီးကနေတစ်ဆင့် ပေးပို့သွားမှာဖြစ်တယ် " လို့ We Love Myanmar (Japan) အဖွဲ့ခေါင်းဆောင် ကိုမျိုးကြီးက Duwun ကို ပြောပါတယ်။
ဓာတ်ပုံ-We Love Myanmar (Japan) အဖွဲ့သားများ
We Love Myanmar (Japan) အဖွဲ့အစည်းက မဲပေးကြဖို့ လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဗော်လန်တီယာများက လိုအပ်တဲ့ အကူအညီတွေဆောင်ရွက်ပေးခဲ့တဲ့အပြင် ဒီနေ့ အောက်တိုဘာလ ၃ရက်မှာ ရှီနာဂါဝဘူတာကနေ သံရုံးအထိ ကားသုံးစီးနဲ့ အကြိုအပို့လုပ်ဆောင်ခဲ့ပြီး မဲလာပေးသူတွေအတွက် နေ့လည်စာကိုလည်း အခမဲ့စီစဉ်ပေးခဲ့ပါတယ်။ဒါ့အပြင် မဲရုံပိတ်ပြီးချိန်မှာလည်း သံရုံးတစ်ဝိုက်မှာ အမှိုက်တွေပြန်လည်ကောက်သိမ်းခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-We Love Myanmar (Japan) အဖွဲ့သားများ
၂၀၂၀ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရရှိတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသား (၈၀၀၀)ကျော်ရှိပါတယ်။ဒီထဲကမှ အောက်တိုဘာလ ၃ရက်ကနေ ၉ရက်အထိ တိုကျိုမြို့က မြန်မာသံရုံးမှာ တိုကျိုမြို့တော်နဲ့ ကန်တိုဒေသမှာနေထိုင်သူတွေ မဲပေးနိုင်မှာဖြစ်ပြီး အောက်တိုဘာလ ၁၀ရက်ကနေ ၁၄အထိကတော့ တခြားပြည်နယ်က သူတွေ မဲပေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ်မဲရုံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံး (နာဂိုရာဒေသ)မှာတော့ အောက်တိုဘာလ ၄ ရက် နဲ့ ၅ရက်မှာ တိုကိုင်းဒေသက မြန်မာနိုင်ငံသားတွေ မဲပေးနိုင်မယ်လို့ မြန်မာနိုင်ငံသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။