ကုန်စည်စီးဆင်းမှု မပျက်စေရေးအတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို ဝင်ထွက်မယ့် ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို (၁၅) မိနစ်အတွင်း အဖြေသိနိုင်တဲ့ Test Kit တွေနဲ့ ပိုးရှိ/မရှိစစ်ဆေးပြီး သွားလာခွင့်ပြုမှာဖြစ်တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားလိုက်ပါတယ်။
ဓာတ်ပုံ- ဒေါက်တာအေးဇံ Facebook (ကုန်တင်ယာဉ်မောင်းသူတွေကို စစ်ဆေးပေးနေစဉ်)
အောက်တိုဘာလ (၃) ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ (၃) ရက် ညက စတင်ပြီး မွန်ပြည်နယ်အဝင် စစ်တောင်းတံတား (မုပ္ပလင်)မှာ ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက် တွေကို (၁၅) မိနစ်အတွင်း Swab Test အဖြေထွက်ရှိအောင် စစ်ဆေးဆောင်ရွက်မှာဖြစ်ပြီး Negative အဖြေထွက်တဲ့ ယာဉ်ကို သာပေးဝင်မယ်လို့ ဒေါက်တာအေးဇံက ဆိုပါတယ်။
ဓာတ်ပုံ- ဒေါက်တာအေးဇံ Facebook
Positive အဖြေထွက်တဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကိုတော့ မော်လမြိုင်ဆေးရုံမှာ ဖြစ်စေ၊ ဘီးလင်းဒေါက်ရပ်ဆေးရုံမှာဖြစ်စေ ထားရှိကုသသွားမယ်လို့သိရပါတယ်။ ဒါ့အပြင် ကုန်တင်ယာဉ်တစ်စီးတည်း စီးနင်းလာကြတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်မှာ တစ်ဦးက Positive အဖြေထွက်တာနဲ့ ကျန်တစ်ဦးက ကျိုက်ထို CBF စခန်းမှာ ကွာရန်တင်းဝင်ရမယ်လို့လည်း ဆိုပါတယ်။
ကုန်စည်အတွက်သာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို လက်ခံပြီး အခုလို Swab Testစစ်ဆေးပေးတာဖြစ်ပြီး အိမ်စီးကားနဲ့ ခရီးသည်တင် Express ယာဉ်တွေကိုတော့ အခုကာလအတွင်း ခရီးသွားခြင်းနဲ့ အဝင်အထွက်တွေ မပြုလုပ်ကြဖို့မှာကြားထားပြီး အကယ်လို့ ဝင်ရောက်ခဲ့ပါကလည်း ကျိုက်ထိုမြို့နယ်မှာ ကွာရန်တင်းဝင်ရမှာဖြစ်တယ်လို့လည်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောကြားခဲ့တာဖြစ်ပါတယ်။