ဒုတိယအကြိမ် ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းတွေကို အွန်လိုင်းကတစ်ဆင့် ထုတ်ပြန်ကြေညာထားရာမှာ ရန်ကုန်တိုင်းအတွက် မဲစာရင်းတွေကို အွန်လိုင်းကနေ ဝင်ရောက်ကြည့်ရှုသူ နှစ်ရက်အတွင်း ၆ သိန်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံကနေ သိရပါတယ်။
မဲစာရင်းစတင်ထုတ်ပြန်ကြေညာတဲ့ အောက်တိုဘာလ (၁) ရက်နဲ့ (၂) ရက်တွေမှာ ရန်ကုန်တိုင်းအတွက် သီးသန့်ထုတ်ပြန်ထားတဲ့ https://www.yangon.gov.mm/voters#/ ထဲသို့ ဝင်ကြည့်သူပေါင်း ၆ သိန်းကျော်ရှိတာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးက Duwun ကိုပြောပါတယ်။
စတင်ထုတ်ပြန်တဲ့ရက်တွေအတွင်းမှာတော့ ဝင်ရောက်ကြည့်ရှုသူတွေအနေနဲ့ အဆင်မပြေမှု အချို့တွေဖြစ်ပေါ်ခဲ့ပြီး မိမိတို့ရဲ့ နာမည်စာရင်းတွေကို ဝင်ရောက်ရှာဖွေရာမှာ စာလုံးဖောင့်မမှန်ကန်မှုတွေ ကြောင့်ဖြစ်တယ်လို့လည်း ဦးတင်မောင်အေးက ဆိုပါတယ်။
“ကျွန်တော်တို့ နှစ်ရက်အတွင်းမှာတော့ ဝင်ကြည့်သူ ၆ သိန်းကျော်လောက်ရှိတယ်။ ပြန်လည်ပြင်ဆင်ဖို့စာရင်းပေးထားတဲ့သူအရေအတွက်တော့ အတိအကျမသိရသေးဘူး။ မြို့နယ်တွေအလိုက် စာရင်းကောက်နေတုန်းပဲ။ စစချင်းဝင်ကြည့်တဲ့အခါမှာ အဆင်မပြေတာက မြန်မာဖောင့်ပြဿနာပါပဲ။ ကျွန်တော်တို့နိုင်ငံမှာက ယူနီကုတ်နဲ့ ဇော်ဂျီတင်မကဘူး။ယူနီကုတ်ကို အဆင်ပြေသလို ထပ်ထွင်ကြတယ်။ အဲဒီဖောင့်တွေက ယူနီကုဒ်စည်းမျဉ်းတွေနဲ့ မလုပ်ထားရင် အဲဒီဖောင့်တွေနဲ့ ရိုက်ရှာတော့ ရှာမတွေ့တာမျိုးဖြစ်တာပါ” လို့ ဦးတင်မောင်အေးက ဆိုပါတယ်။
ဒါ့အပြင် ဝင်ရောက်ကြည့်ရှုသူတွေအနေနဲ့ အဆင်မပြေမှုတွေ ရှိခဲ့ပါကလည်း Website Link မှာပေးထားတဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်ဖုန်းတွေကို ဆက်သွယ်ပြီး မေးမြန်းနိုင်တယ်လို့လည်းသိရပါတယ်။
အွန်လိုင်းကနေ ဝင်ကြည့်မယ်သူတွေဟာ ပေးထားတဲ့ Website Link ထဲကိုဝင်ပြီး မြို့နယ်ရွေးချယ်ရမှာဖြစ်ပြီး အမည်၊မွေးသက္ကရာဇ်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်စသဖြင့် ရိုက်ထည့်ရမှာဖြစ်ပြီး ပေးထားတဲ့ အချက် (၄) ခုထဲက (၃) ခုကိုပဲ ရိုက်ထည့်မည်ဆိုပါကလည်း မိမိရဲ့ အမည်စာရင်းရှာဖွေနိုင်အောင် လုပ်ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။
ဒုတိယအကြိမ် ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းတွေကိုတော့ အောက်တိုဘာလ (၁) ရက်နေ အောက်တိုဘာ (၄) ရက်အထိ ကပ်ထားကြေညာမှာဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ သွားရောက်ကြည့်ရှုနိုင်သလို လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် အွန်လိုင်းကတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်တာလည်းဖြစ်ပါတယ်။
အွန်လိုင်းကနေ ဝင်ရောက်ကြည့်ရှုမယ်ဆိုရင် ရန်ကုန်တိုင်းအတွင်းနေထိုင်သူတွေကတော့ https://www.yangon.gov.mm/voters#/ ကတစ်ဆင့် ဝင်ကြည့်နိုင်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ နေထိုင်သူတွေကတော့ https://findyourpollingstation.uec.gov.mm ကနေ ဝင်ကြည့်နိုင်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ (၈) ရက်မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၃၈) သန်းကျော်ရှိပြီး ရန်ကုန်တိုင်းအတွင်းမှာတော့ (၅၆) သိန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။