မကွေးတိုင်း ၊ မြိုင်မြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD စည်းရုံးရေးတာဝန်ခံဖြစ်သူ ဦးမြင့်နိုင်ရဲ့ နေအိမ်အတွင်းကို လူအုပ်စုလိုက် ဝင်ရောက်ပြီး တိုက်ခိုက် ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီ လောက်မှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး နေအိမ်အပါအဝင် ၊ ကား ၊ ဆိုင်ကယ်နဲ့ နေအိမ်အတွင်းက ပစ္စည်းတွေပျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် နေအိမ်ကို ဝင်ရောက်ဖျက်ဆီးမှုကြောင့် မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ကား၊ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ကားမှန်တွေပါ ပျက်ဆီးခဲ့လို့ နိုင်ငံတော်ပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့်ပါ အမှုဖွင့် ဖို့ စီစဉ်နေတယ်လို သိရပါတယ်။
ဓာတ်ပုံ - Aung Nay Myo
" ၇ နာရီ မထိုးခင်လောက်က ရွာထဲက နေဝင်းဆိုတဲ့ လူ ငယ်က ဦးမြင့်နိုင်အိမ်ထဲဝင်ပြီး ဓားနဲ့ခုတ်ကြတယ်။ သူက လက်နဲ့ကာပြီး ခုခံတာ လည်ပင်းကို နဲနဲထိသွားတယ်ပြောတယ်။ ခုခံကာကွယ်ရင်း လုံးထွေးရင်းနဲ့ အိမ်ထဲမှာ ကောင်လေးကို ဖမ်းမိသွားတယ်။ အဲဒီမှာ သူ့အမျိုးတွေက အိမ်ကို ဝိုင်းပြီး ခဲနဲ့ထုလို့ ကောင်လေးကို လွှတ်ပေးလိုက်တယ်။ အဲဒါကို လူတွေကမပြန် သေးဘဲ၊ အိမ်တွေကို ခဲနဲ့ထု ၊ ပုလင်းတွေထဲ ဓာတ်ဆီထည့်ပြီး ခေါင်မိုးတွေပေါ် ပစ်လုပ်ကြတယ်။ ဒါကြောင့် ဦးမြင့်နိုင်မိသားစုကို မြို့နယ် အုပ်ချုပ်ရေးမှူးရယ် ခရိုင်ရဲတပ်ဖွဲ့ကနေ ကယ်ထုတ်သွားတယ်။ အဲဒါကို နောက်ကဝင်ပြီး အိမ်တွေ ၊ ကားတွေ ၊ ပစ္စည်းတွေကို စိတ်ကြိုက်ဖျက်ဆီးသွားကြတယ်။ "လို့ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းကပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီ ရဲ့ ပြောဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းရာမှာတော့...
" ဒီကိစ္စကို ဗဟိုကိုတင်ပြတယ်။ ဒိကိစ္စကို ကျွန်တော်တို့ ဥပဒေကြောင်းအရ အရေးယူနိုင်အောင် ကြိုးစားရမယ်။ ဒီကိစ္စ တွေ ဖြစ်နေတာက မဟုတ်သေးဘူး။နောက်ပြီး ဒီကိစ္စ NLD ပါတီဝင်ရဲ့နေအိမ်ကို ဝင်ရောက်ဖျက်ဆီးတဲ့လုပ်ရပ်ဟာ NLD အစိုးရလက်ထက်မှာ ကြီးကြီးမားမား ဖြစ်ရပ်တစ်ခုပါပဲ။ ဒါတွေမဖြစ်သင့်ဘူး"လို့ မုံရွာ အောင်ရှင်ကပြောပါတယ်။
လက်ရှိမှာတော့ နေအိမ်ဝင်ရောက်ဖျက်ဆီးမှုတွေအတွက် လိုအပ်တဲ့ စစ်ဆေးမှုများကိုဆောင်ရွက်နေပြီး အမှုဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေကြောင်းနဲ့ လတ်တလောမှာ အဆိုပါနေအိမ်ကို ရဲတပ်ဖွဲ့ကနေ လုံခြုံရေးရယူထားဖို့လည်းရှိတယ်လို့သိရပါတယ်။
ခုလို နေအိမ်အတွင်း ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတာဟာ နိုင်ငံရေးနဲ့လည်းပတ်သက်နေတယ်လို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းကပြောပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share