အောက်စီဂျင်ပမာဏ ကျဆင်းနေမှု အပါအဝင် ဆရာဝန်တွေက အလွန်စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်။

COVID-19 ကူးစက်ခံရပြီးနောက် စစ်ဘက်ဆေးရုံမှာ တက်ရောက်နေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အများကြီးပိုကောင်းလာတယ်လို့ ခံစားရကြောင်းနဲ့ မကြာမီ နေပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားကြောင်း အောက်တိုဘာ ၃ ရက်နေ့မှာ ၎င်းရဲ့ဆေရုံးခန်းမှ ဗီဒီယိုတစ်ခုမှာ ပြောကြားထားပါတယ်။

(ထရန့် ဆေးရုံသို့ရောက်ရှိခဲ့စဥ်) (Photo: Joshua Roberts/Reuters)

Twitter မှာ လွှင့်တင်ထားတဲ့ လေးမိနစ်ကြာတဲ့ ဗီဒီယိုထဲမှာ ထရန့်ဟာ ပင်ပန်နေပုံရပြီး ဂျာကင်အင်္ကျီတစ်ထည်နဲ့ လည်းစီးတပ်မထားတဲ့ ရှပ်အင်္ကျီအဖြူ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ Walter Reed National Military Medical Center ဆေးရုံကို ပထမဆုံး ရောက်ရှိခဲ့ချိန်က "အရမ်းကြီး နေလို့ကောင်းတယ်လို့ မခံစားရကြောင်း" နဲ့ နောက်ထပ် ရက်အနည်းငယ်ဟာ ၎င်းရဲ့ COVID-19 ကို တိုက်ထုတ်မှုမှာ အရေးပါလာမယ်လို့ ထရန့်က ဆိုပါတယ်။



"လာမယ့် ရက်အနည်းငယ်က တစ်ကယ့်စမ်းသပ်ပွဲလို့ ကျွန်တော် ခန့်မှန်းပါတယ်၊ ဒါကြောင့် လာမယ့် အဲဒီ နှစ်ရက်မှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ" လို့ ထရန့်က အမေရိကန်အလံရှေ့မှ စားပွဲဝိုင်းတစ်ခုမှာထိုင်းရင်း ပြောခဲ့ပါတယ်။ ထရန့်ရဲ့ ယခုဗီဒီယို သတင်းစကားပါးမှုဟာ ၎င်းရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများထံမှ ရှင်းရှင်းလင်းလင်းမရှိဘဲ ကွဲလွဲနေတဲ့ ပြောကြားမှုတွေရှိခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ Twitter မှတစ်ဆင့် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AP)

အိမ်ဖြူတော်ဆရာဝန်အဖွဲ့က သမ္မတထရန့်ဟာ အခြေအနေတိုးတက်ကြောင်း၊ လက်ရှိမှာ အောက်စီဂျင်ပေးရန် မလိုအပ်ခဲ့ကြောင်းနဲ့ ကိုယ်ပူချိန် မြင့်တက်ခြင်းမရှိတာ ၂၄ နာရီကြာခဲ့ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ထို့နောက် မိနစ်ပိုင်းအတွင်းမှာပင် အိမ်ဖြူတော်ဝန်ထမ်းအဖွဲ့ အကြီးအကဲ Mark Meadows က ထရန့်ရဲ့အခြေအနေဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီမှာ အလွန်စိုးရိမ်ပူပန်စရာ ဖြစ်ခဲ့ကြောင်းနဲ့ နောက် ၄၈ နာရီဟာ ၎င်းကို ပြုစုစောင့်ရှောက်ရာမှာ အလွန်အရေးပါလာဖြစ်ကြောင်းနဲ့ အပြည့်အဝ ပြန်လည်သက်သာကောင်းမွန်လာတဲ့ လမ်းကြောင်းပေါ်မှာ မရှိသေးဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။

ထရန့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အောက်စီဂျင်ပမာဏ ကျဆင်းနေမှု အပါအဝင် ဆရာဝန်တွေက အလွန်စိုးရိမ်မှုတွေရှိနေခဲ့ကြောင်း၊ သို့သော် သမ္မတဟာ အခြေအနေတိုးတက်ခဲ့ကြောင်းနဲ့ အာဏာလွှဲပြောင်းပေးရမယ့် အနေအထား လုံးဝ မရှိခဲ့ကြောင်းလည်း Mark Meadows က ပြောခဲ့ပါတယ်။

(စက်တင်ဘာ ၂၆ ရက် အခမ်းအနားမြင်ကွင်း)(Photo: Alex Brandon/AP)

သမ္မတထရန်နဲ့ သမ္မတကတော် မီလန်နီယာတို့ဟာ COVID-19 ကူးစက်ခံထားရကြောင်း ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ စစ်ဆေးမှုအဖြေသိခဲ့ရပြီးနောက် ထရန့်က အောက်တိုဘာ ၂ ရက် မနက်အကူးမှာ Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ ထို့နောက် အောက်တိုဘာ ၂ ရက်နေ့မှာပင် သမ္မတထရန့်ကို Walter Reed စစ်ဆေးရုံသို့ ရွှေ့ပြောင်းကုသခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ရက်အနည်းငယ်က တစ်ကယ့်စမ်းသပ်ပွဲလို့ ကျွန်တော် ခန့်မှန်းပါတယ်၊ ဒါကြောင့် လာမယ့် အဲဒီ နှစ်ရက်မှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ

အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ ၎င်းရဲ့ဇနီး မီလန်နီယာကတော့ အိမ်ဖြူတော်မှာပင် ဆက်ရှိနေခဲ့ပါတယ်။ ထရန့်တို့ဇနီးမောင်နှံ မတိုင်မီ ၎င်းရဲ့ အနီးကပ်လက်ထောက် အမျိုးသမီး Hope Hicks ထံမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ခဲ့ရတာဖြစ်ပါတယ်။

၎င်းတို့အပြင် ထရန်နဲ့ နီးကပ်သူတွေဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့က အိမ်ဖြူတော် Rose Garden မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ကြသူတွေထဲမှ အိမ်ဖြူတော် အကြံပေးအရာရှိဟောင်း Kellyanne Conway ၊ Republican National Committee ဥက္ကဌ Ronna McDaniel ၊ ထရန့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမန်နေဂျာ Bill Stepien ၊ Notre Dame တက္ကသိုလ် အကြီးအကဲ John Jenkins ၊ ရီပတ်ဘလစ်ကင်ပါတီမှ ဆီးနိတ်လွှတ်တော် အမတ်နှစ်ဦးဖြစ်တဲ့ Mike Lee နဲ့ Thom Tillis တို့လည်း COVID-19 ကူးစက်ခံရကြောင်းလည်း စစ်ဆေးတွေ့ရှိထားပါတယ်။


အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၆ သန်းကျော်၊ သေဆုံးသူ ၂၁၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၈ သန်းကျော်ရှိကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က