ကျိုက်ထို မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီထောက်ခံသူတွေပြုလုပ်တဲ့လှည့်လည် ယာဉ်တန်းမှ ယာဉ်တစ်စီးတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါတဲ့ လူ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိနေပါတယ်။ လက်ရှိမှာ ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ပါတီကိုထောက်ခံဝန်းရံသူတွေအနေနဲ့ ယာဉ်အမျိုးမျိုးနဲ့ အင်အားပြလှည့်လည်တာတွေကို ယာယီဆိုင်းငံ့ထားကြဖို့နဲ့ ရွေးကောက်ပွဲနေ့ရောက်မှ မဲရုံကိုသွားပြီး မဲပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က အောက်တိုဘာလ ၃ ရက်နေ့မှာ မေတ္တာရပ်ခံထားပြီးနောက် အခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - ZYO
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရှိ NLD ပါတီမှတာဝန်ရှိသူတွေ၊ တိုင်း နဲ့ ခရိုင်က အောင်နိုင်ရေးပါတီဝင်တွေဟာ တာဝန်ယူရလိမ့်မယ်လို့ NLD ပါတီ ရဲ့ ပြောဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကပြောပါတယ်။
" ဒါ ဟာ မဖြစ်သင့်ဘူး။ ဗဟိုကလည်း တားမြစ်ထားတယ်၊ အောင်နိုင်ရေးကော်မတီကလည်း စာထုတ်တားမြစ်ထားတဲ့ကြားထဲက အခုလိုလုပ်တယ်ဆိုတော့ အဲ့ဒီမှာရှိတဲ့ ပုဂ္ဂိုလ်တွေက တာဝန်ယူရလိမ့်မယ်။ဒါတွေကမဖြစ်သင့်ဘူး။ကျနော်တို့တားထားတယ်။ ဒီလိုလုပ်တာတွေ ကျနော်ကတော့ အားမပေးဘူး"လို့ မုံရွာအောင်ရှင်က ဆိုပါတယ်။
ဒီကနေ့ အောက်တိုဘာ ၄ရက်နေ့ ၊ မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ထောက်ခံသူတွေက ပါတီအောင်နိုင်ရေး အတွက် မော်တော်ယာဉ်စတေကာကမ်ပိန်း ပြုလုပ်တာဖြစ်ပြီး အဲ့ဒီယာဉ်တန်းနောက်ဆုံးမှာ လိုက်ပါလာတဲ့ မလော့ချောင်ကျေးရွာနေသူ ယာဉ်မောင်း ကိုထက် ၃၀နှစ်(ဘ) ဉီးမြင့်ဉီး မောင်နှင်တဲ့ Hi-jet အဖြူရောင်ယာဉ်ဟာ ကျိုက်ထိုမြို့၊ ကင်မွန်းစခန်းလမ်း မိုင်တိုင်အမှတ် (၇/၃နှင့်၇/၄)ကြားအရောက်မှာ အရှိန်မထိန်းနိူင်ဘဲလမ်းမပေါ်တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မှာယာဉ်မောင်း ကို ကင်မွန်းချောင်းနယ်ရဲစခန်းမှာ ယာဉ်(ပ) ၄/၂၀၂၀ ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၂၀၂၀ဖြင့်အမှုဖွင့်လှစ်ထားရှိပြီး တရားခံဖမ်းဆီးရမိရေးလုပ်ဆောင်နေတယ်လို့ ကင်မွန်းချောင်းနယ်ရဲစခန်းကသိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share