COVID-19 ရောဂါကူးစက်ခံထားရတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အမြန်ကျန်းမာလာစေကြောင်း ဆုတောင်းပေးသူတွေ ရှိသလို ဒီရောဂါနဲ့ သေဖို့ ကျိန်ဆဲနေသူတွေလည်း ရှိပါတယ်။
Twitter ကတော့ သမ္မတထရမ့် သေသွားစေချင်ကြောင်း ထုတ်ဖော်ပြောကြားတဲ့ ပို့စ်တွေကို ချက်ချင်းဖယ်ရှားသွားမယ်လို့ လူမှုကွန်ရက်သုံးစွဲသူတွေကို သတိပေးလိုက်ပါတယ်။ Motherboard သတင်းကို Twitter ဘက်မှ ပြောကြားရာမှာ လူတစ်ယောက်ကို ကိုယ်ခန္ဓာအပြင်းအထန်ထိခိုက်မှု ခံစားရအောင် ၊ သေစေလောက်တဲ့ ရောဂါနဲ့ သေသွားပါစေလို့ ဆန္ဒပြုပြောဆိုတာဟာ Twitter ရဲ့ စည်းမျဉ်းနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
Photo: The Verge
သမ္မတထရမ့်ကို သေပါစေဆိုပြီး ထရမ့်ရဲ့ tweet ၊ page နဲ့ သူ့ကို tagging တွဲထားတဲ့ content တွေမှာ မှတ်ချက်လာရေးတဲ့ အကောင့်တွေကို Twitter မှ ဖယ်ရှားသွားမယ်လို့ သောကြာနေ့က ထုတ်ပြန်ပါတယ်။ Twitter အနေနဲ့ tweet တစ်ခုချင်းစီတိုင်းကို အရေးယူနိုင်မှာ မဟုတ်ဘူးလို့ Motherboard သတင်းကို ပေးတဲ့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
"ကျွန်တော်တို့အနေနဲ့ တကယ့်အပြင်လောကမှာ ထိခိုက်နိုင်ချေရှိတာတွေကို ကိုင်တွယ်ရာမှာ Content တွေ ဖြုတ်ချရေးပဲ ဦးစားပေးနေပါတယ်။" လို့ Twitter က ဆိုပါတယ်။
သမ္မတထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာထရမ့်တို့ဟာ ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် Walter Reed အမျိုးသားစစ်ဆေးရုံမှာ ကုသမှုခံယူနေရတာပါ။ သေစေလိုကြောင်း ဆုတောင်းတဲ့ Tweets တွေကို ဖယ်ရှားသွားမှာ ဖြစ်ပြီး အလိုအလျောက် ဆိုင်းငံ့တာမျိုး လုပ်မှာတော့ မဟုတ်ဘူးလို့ Twitter Communications အဖွဲ့က ရှင်းချက်ထုတ်ပြန်ထားပါတယ်။