လွင်မိုးကတော့ သြစတြေးလျမှာ နေထိုင်တဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးတို့ ဆီက Covid အခြေအနေ နဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။
Photo: Lwin Moe
လွင်မိုးဟာ အခုဆိုရင် သြစတြေးလျနိုင်ငံ မဲဘုန်းမြို့မှာ နေထိုင်တဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးတို့ ဆီမှာ Covid အခြေအနေ ပြန်ကောင်းလာပြီလို့ ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ Covid အခြေအနေကြောင့် ယွန်းဝတီလွင်မိုးကတော့ မိသားစု အတွက် ပြန်စိတ်ပူနေတယ်လို့ Duwun ကို ပြောပြလာပါတယ်။
“ သူတို့က သြစတျေးလျမှာ အရမ်းကို အဆင်ပြေသွားပြီ။ ကျောင်းတွေဆိုလည်း မကြာခင် ပြန်ဖွင့်ကြတော့မှာ။ အခုဆိုရင် ပုံမှန် အခြေအနေ နီးပါး တစ်ခုကို သူတို့တွေ လုပ်နေကြပြီ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ နိုင်ငံမှာ စိတ်ချရပြီ။ အရင်တုန်းက ဦးတို့ဆီမှာ Covid နည်းနည်း အဆင်ပြေတဲ့ အချိန် သူတို့ မဲဘုန်းမှာ က ကူးနေကြတုန်းဆိုတော့ သူ အပြင်သွားတဲ့ အခါ ဦးက ဆူတာပေါ့။ အခု သူတို့ ဆီမှာ အဆင်ပြေပြီး ဦးတို့ဆီမှာ အခြေအနေ ဆိုးလာတော့ ဦး အပြင်သွားရင် သူက ပြန်ဆူတာပေါ့လေ။ အခုတော့ အိမ်မှာပဲ နေပါတယ်” လို့ ဆိုပါတယ်။
Photo: Lwin Moe
Covid ဒုတိယလှိုင်း အခြေအနေကြောင့် လွင်မိုးကိုယ်တိုင်ကလည်းအိမ်ထဲမှာနေရင်း ကျန်းမာရေး ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။ Covid ကာလမှာ မဖြစ်မနေ အပြင်ထွက်နေရတဲ့ ပရိသတ်တွေကိုလည်း Mask တပ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
“ ဦးကတော့ အိမ်ထဲမှာ နေတာ ၁ လလောက်ရှိပါပြီ။ ဒီရောဂါနဲ့ ပတ်သက်ပြီး Mask တပ်ရမယ့်ဟာကို Mask တပ်ကြပါ။ အပြင်ထွက်ခွင့်ရတဲ့သူတွေဟာ Mask တပ်ရမယ် (၁) အချက်ပေါ့။ ထွက်ခွင့်မရတဲ့ သူတွေကတော့ လုံးဝ မထွက်ကြပါနဲ့။ ရောဂါရှိတဲ့ သူက Mask တပ်ထားရင်၊ အပြင်မှာ Mask မတပ်ထားတဲ့ သူကို ဘယ်လောက် ရာခိုင်နှုန်း ကူးနိုင်တယ်၊ နှစ်ယောက် စလုံး Mask မတပ်ထားရင်တော့ ရာနှုန်းပြည့် ကူးတာပေ့ါ။ အဓိက ကတော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အတိုင်း လုပ်ဖို့လိုတယ်၊ အချိန်ပေးဖို့လိုတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Lwin Moe
လွင်မိုးဟာ Covid ကာလဟာ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်စေခဲ့တယ်လို့ Duwun ကို ပြောပြခဲ့ဖူးပါတယ်။ လွင်မိုးဟာ စီးပွားရေးဘက်ကို ဦးစားပေးနေရသူဖြစ်ပေမယ့် သူဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။