နိုင်ငံရဲ့ အခြားနေရာများနည်းတူ ကန့်သတ်ချက်များ ရုပ်သိမ်းတော့မယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အုတ်ကလန်မြို့မှာ ယခုသီတင်းပတ်အတွင်း COVID-19 ကူးစက်မှုထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ရုပ်သိမ်းသွားမယ်လို့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက ယနေ့ (အောက်တိုဘာ ၅ ရက်) ပြောခဲ့ပါတယ်။

(Photo: Reuters)

အုတ်ကလန်မြို့မှာ COVID-19 ကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်တိုက်ထုတ်ခဲ့ပြီးနီးပါး ဖြစ်နေပြီလို့ ယုံကြည်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။ အုတ်ကလန်မှာ ကူးစက်မှုသတိပေးချက်ကို ယခုအပတ် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၇ ရက်) ‌ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်မှစပြီး အဆင့် ၁ သို့ လျှော့ချသွားမှာဖြစ်ကာ နိုင်ငံရဲ့ အခြားနေရာများနည်းတူ ကန့်သတ်ချက်များ ရုပ်သိမ်းတော့မယ်လို့ သိရပါတယ်။



အုတ်ကလန်မြို့မှာ COVID-19 ကူးစက်မှုအသစ် မတွေ့ရှိခဲ့တာ ၁၀ ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။ "အခုဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်မှုအစုအ‌‌ဝေး ၉၅ ရာခိုင်နှုန်းကို ရှင်းလင်းခဲ့ပြီးပါပြီ၊ COVID-19 က ကျွန်မတို့နဲ့အတူ လာမယ့် လများအတန်ကြာ ရှိနေပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်မတို့ ဒီသမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်သင့်နေဆဲပါပဲ" လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါက ပြောပါတယ်။

(Photo: Xinhua)

လူဦးရေ ၅ သန်းရှိတဲ့ နယူးဇီလန်မှာ တင်းကျပ်တဲ့ lockdown အစီအမံများဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် ယခုနှစ်ကုန်အစောပိုင်းက COVID-19 ပြည်တွင်းကူးစက်မှု မရှိစေရန် လုပ်ဆောင်နိုင်ခဲ့ရာ lockdown ရုပ်သိမ်းခဲ့ပါတယ်။ ထို့နောက် အုတ်ကလန်မြို့မှာ ဩဂုတ်လအတွင်း ကူးစက်ဖြစ်ပွားမှုအသစ် ပြန်တွေ့လာရပြီး ကူးစက်ခံရသူ ၁၇၉ ဦး တွေ့ရှိလာရပါတယ်။

ထိုအခြေအနေရ ဝန်ကြီးချုပ်ဂျက်စင်ဒါက အုတ်ကလန်မှာ ကူးစက်မှုထိန်းချုပ်‌ရေး ပိတ်ပင်ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်ခဲ့ပါတယ်။ ပိတ်ပင်ကန့်သတ်ချက်တွေ ဖြေလျှော့မှုအရ အုတ်ကလန်မြို့မှာ လူဦးရေ ၁၀၀ အထိသာ စုရုံးခွင့်ပြုထားမှုကို ပယ်ဖျက်ပြီး ဘားဆိုင်းနဲ့ စားသောက်ဆိုင်တွေမှာ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းတွေကို ရုပ်သိမ်းသွားမှာလည်း ဖြစ်ပါတယ်။

(Photo: TVNZ)

ယနေ့ (အောက်တိုဘာ ၅ ရက်) စာရင်းအရ နယူးဇီလန်မှာ ကူးစက်ခံသူ တစ်ဦးတိုးခဲ့ပြီး ၎င်းဟာ ပြည်ပမှ ပြန်လာသူဖြစ်ပါတယ်။ နယူးဇီလန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁,၈၉၉ ဦးနဲ့ သေဆုံးသူ ၂၅ ဦးရှိခဲ့ပါတယ်။ နိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့မှုက ဝန်ကြီးချုပ်ဂျက်စင်ဒါအတွက် လာမယ့် အောက်တိုဘာ ၁၇ ရက် အထွေထွေရွေးကောက်ပွဲမှာ အသာရစေနိုင်တဲ့အချက် ဖြစ်လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က